ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်အဖြစ် ဒီမနက်ပိုင်း တအာင်းပြည် နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တအာင်း တပ်မတော် -TNLA က သတင်း ထုတ်ပြန်ပါတယ်။
တအာန်းတပ်မတော် -TNLA၊ အာရက္ခတပ်တော် - AA နဲ့ ကိုးကန့်တပ် - MNDAA တို့ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့က ရှမ်းမြောက်ဒေသမှာ အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့ပြီး စစ်အုပ်စု အထိနာနေချိန် တရုတ်က ကြားဝင်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး စစ်ဆင်ရေး ရပ်နားခဲ့ပါတယ်။
အဲ့ဒီ အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးပြီး ငါးလကျော်အကြာ ဒီနေ့ ဇွန်(၂၅)ရက်မှာ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်ဒေသထဲ စစ်အုပ်စုနဲ့ TNLA တပ်တွေ တိုက်ပွဲ ပြန်လည် ဖြစ်ပွားတာလို့ TNLA က ဆိုပါတယ်။
“တအာင်းပြည် တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို ယနေ့ နံနက်(၅)နာရီခွဲ အချိန်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားသည်။ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး လေးလုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တပ်မဟာ(၂) စစ်ဒေသ၊ ကျောက်မဲမြိုနယ် ငြိမ်းချမ်းရေး ကုန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို ယနေ့ နံနက် (၅)နာရီခွဲ အချိန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြိုနယ် ပန်းဆပေရွာ ဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို ယနေ့ နံနက် (၉း၄၁) နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်” လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အဲ့ဒီ တိုက်ပွဲ ဖြစ်စဉ်တွေစာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်ဖြစ်တယ်လို့ TNLA က ဖော်ပြပါတယ်။
“(မနက်) (၆)နာရီလောက်က စတာ။ ဆော်နေပြီ” လို့ ကျောက်မဲမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၅၀၁နဲ့ ၅၀၂ ရှိတဲ့ ကျောက်မဲမြို့နယ်ကနေ မိုင်းငေါ့ဘက် အထွက်နဲ့ ငြိမ်းချမ်းရေး ကုန်းဝန်းကျင်ဘက်မှာ လက်နက်ကြီး လက်နက်ငယ်သံတွေ အဆက်မပြတ် ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဒီမနက်ပိုင်း ကျောက်မဲမြို့ပေါ် လူအသွားအလာ ကင်းမဲ့နေပြီး မြို့ခံတွေလည်း စစ်ဘေးရှောင် ထွက်ပြေး နေကြပါတယ်။
မြို့က စောစောထွက်ခွါနိုင်တဲ့သူ တချို့ကတော့ သီပေါနဲ့ ကျေးရွာတွေဘက်ကို တိမ်းရှောင်သွား ကြပြီး တချို့ကတော့ အိမ်ထဲမှာပဲ တံခါးပိတ် အခြေအနေ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲကြောင့် ကျောက်မဲမြို့ခံ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း ဒေသခံ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနဲ့ ကျောက်ကြမ်းကုန်းကျေးရွာ အနီးမှာလည်း ဒီမနက်ပိုင်းက စလို့ စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေး သတင်း ရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ်က ညောင်ကုန်းကျေးရွာ အနီးမှာလည်း မနေ့က ဇွန်(၂၄)ရက် ညပိုင်းက စလို့ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ဒီမနက်မှာတော့ မိုးကုတ်မြို့ အနောက်ဘက် ဒေါ်နန်းကြည်တောင် ဘက်မှာ တိုက်ပွဲ စတင်နေပြီလို့ စုံစမ်း သိရှိရပါတယ်။
“မနေ့က ညက ခပ်ဝေးဝေးက ကြားရတယ်။ အခုတော့ မြို့ထဲမှာကို နီးနီးကပ်ကပ် ကြားနေရတယ်။ ဟိုကောင် (စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ) အများကြီး အနောက်ဘက်ကို ထွက်သွားတယ်” လို့ မိုးကုတ်မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်းက စစ်အုပ်စု စခန်းနဲ့ မြို့နယ် တော်တော်များများကို ညီနောင် မဟာမိတ် တပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
TNLA က နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့မြို့၊ စုစုပေါင်း မြို့ခုနှစ်မြို့အထိ တိုက်ခိုက်သိမ်းပိုက် ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်း စစ်အုပ်စု အထိနာနေချိန် တရုတ်က ကြားဝင်ပြီး နှစ်ဖက် အပစ်ရပ်ခိုင်းခဲ့ကာ လက်ရှိမှာ တရုတ်ညှိပေးထားတဲ့ သဘောတူညီချက် ကျိုူပေါက်ပြီး တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွား လာတာလည်း ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет ၁၀၂၇ စစ်ဆင်ရေး ပြန်စပြီလို့ TNLA ကြေညာ၊ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်ပွဲဖြစ်၊
Пікірлер: 11