အလင်းနှစ်ဆိုတာ ဘာလဲ။ အလင်းနှစ် ဆိုတာ အကွာအဝေးကို တိုင်းတဲ့ ယူနစ်လား။ အချိန်ကို တိုင်းတဲ့ ယူနစ်လား။ အကွာအဝေး ရော အချိန်ရော တိုင်းနိုင်သလား။
စကြာဝဠာထဲက ကြယ်တွေ ဂလက်ဆီတွေ တစ်ခုနဲ့ တစ်ခု အကွာအဝေးကို အလင်းနှစ်နဲ့ ပြောလေ့ ရှိပါတယ်။ ဒီ အလင်းနှစ် ဆိုတာနဲ့ ပါတ်သက်လို့ သိပ်ပြီး သေချာ မသိကြတဲ့ သူတွေ အတော်များများ တွေ့ဖူးပါတယ်။ ကွန်မန့်တွေ ထဲမှာလဲ ခနခန လာမေး ကြပါတယ်။
ပထမဆုံး အလင်းနှစ်ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြပါမယ်။ အလင်းနှစ် ဆိုတာ အကွာအဝေးကို တိုင်းတဲ့ ယူနစ် ဖြစ်ပါတယ်။ အချိန်ကို တိုင်းတာ မဟုတ်ပါဘူး။ အချို့က အလင်းနှစ် ဆိုတာ အချိန်လို့ ထင်ကြလို့ပါ။
အလင်းနှစ်ဆိုတာက အလင်းတန်းတစ်ခု တစ်နှစ်အတွင်းသွားလို့ ရောက်တဲ့ အကွာအဝေးကို ပြောတာ ဖြစ်ပါတယ်။ အလင်းရောင်ဟာ တစ်စက္ကန့်ကို ကီလိုမီတာ ၃၀၀,၀၀၀ ခန့် (မိုင် ၁၈၆,၀၀၀ ခန့် ခရီးရောက်ပါတယ်)။ တစ်နှစ်ဆို ခရီး အကွာအဝေး မိုင် ၆ ထရီလီယံ ရောက်ပါတယ်။ ဂဏန်းနဲ့ ရေးရင် ၆,၀၀၀,၀၀၀,၀၀၀,၀၀၀ မိုင် ပေါက်ပါတယ်။ စကြာဝဠာထဲ က ကြယ်တွေ ဆိုတာက တစ်ခုနဲ့ တစ်ခု အလွန်ဝေးတော့ ပုံမှန် ကျွန်တော်တို့ သုံးနေကျ ဂဏန်းတွေနဲ့ ချရေးရင် သုညတွေ များလွန်းတာနဲ့ အဆင်မပြေ တော့ပါဘူး။ ဒါ့ကြောင့် အလင်းနှစ်နဲ့ သုံးရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့ အနီးဆုံး ဖြစ်တဲ့ Proxima Centauri ကြယ်ဟာတောင် အလင်းနှစ် ၄.၂ နှစ် ဝေးပါတယ်။ အဲ့သည် ကြယ်ရဲ့ အကွာအဝေးကိုပဲ ဂဏန်းနဲ့ ချရေးကြည့် ကြပါဗျာ။ ဒါဆို ဘာ့ကြောင့် အလင်းနှစ်ကို သုံးရသလဲ ဆိုတာ သဘောပေါက်မှာပါ။ (4.2 light year ~ 25,200,000,000,000 miles)
နောက်ပြီး အလင်းရောင်ရဲ့ အလျှင်ဟာ ပြောင်းလဲမှု မရှိပါဘူး။ (အလင်းဖြတ်သွားတဲ့ ကြားခံနယ် တူရင် မပြောင်းတာကို ပြောတာပါ။) လေမရှိတဲ့ လေဟာနယ် ထဲမှာ အလင်းဟာ တစ်နာရီကို 670,616,629 mph (1,079,252,849 km/h) နှုန်းနဲ့ တသမတ်ထဲ ပြေးနေပါတယ်။ တစ်နှစ် အတွက် သွားတဲ့ ခရီး သိချင်ရင် ဒီဂဏန်းကို တစ်နှစ်မှာ ရှိတဲ့ နာရီပေါင်း ၈,၇၆၆ နာရီနဲ့ မြှောက်လိုက်ရင် အလင်းနှစ် တစ်နှစ်မှာ ရှိတဲ့ ခရီး အကွာအဝေးကို ရပါပြီ။ အလင်းနှစ် တစ်နှစ်ရဲ့ ခရီးအကွာအဝေးဟာ 5,878,625,370,000 မိုင် ရှိပါတယ်။
Негізгі бет Ғылым және технология အလင်းနှစ် ဆိုတာ ဘာလဲ
Пікірлер: 80