ရှမ်းပြည်နယ်မြောက်ပိုင်း က နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေမှာ ဒီနေ့ ဇွန်လ ၂၅ ရက်မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြင်ဦးလွင်အထွက် နောင်ချိုမြို့နယ်ထဲက အုမ္မတီး ၊ ဆမ္မဆယ်နဲ့ကျောက်ကြမ်း ကျေးရွာတွေဘက်မှာ ဒီမနက်ပိုင်း ကစပြီးတိုက်ပွဲတွေ ဖြစ်နေတာပါ။
နောင်ချိုမြို့နယ်ထဲက တိုက်ပွဲဖြစ်စဉ်အသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။
ဒီမနက်ပိုင်း ကျောက်မဲမြို့နယ်မှာလည်း မန္တလေး − မူဆယ် ပြည်ထောင်စု လမ်းမကြီး နားက တောင်နောက်ရွာ ကို စစ်ကောင်စီ စစ်ကြောင်းရောက်လာပြီး TNLA နဲ့ ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
" စစ်တပ်ကရှေ့တိုးလာတော့ တိုက်ပွဲဖြစ်မှာကိုကြိုသိကြတယ်၊ ဒါပေမယ် အခုကအရမ်းမြန်နေတယ်၊ ရှေ့ဆက်ပြီးတော့ ချကြတော့မယ်" လို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။
PDF ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်းမှာ တိုက်ပွဲ စဖြစ်နေပြီလို့ ဒီမနက်မှာအသိပေးပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နိုင်ဖို့ ပြင်ဆင်နေကြရတယ်လို့သိရပါတယ်။
လက်ရှိမှာကျောက်မဲမြို့အဝင်အထွက် လမ်းကိုတော့ စစ်ကောင်စီက ပိတ်ထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ပြင်ဦးလွင် ခရိုင်ထဲမှာ ပါတဲ့ မိုးကုတ်မြို့ နယ် တဝိုက် လည်း မနေ့ ညပိုင်းကစပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်တာရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ က စတင်တဲ့ ညီနောင်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်းစစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးမြို့တွေအပါအဝင် မြို့ပေါင်း တစ်ဒါကျော်ကို လက်လွှတ်လိုက်ခဲ့ရတာပါ။
စစ်ကောင်စီ တပ် အကြီးအကျယ် အထိနာနေချိန်မှာ တရုတ်ရဲ့ စီစဉ်ပေးမှုနဲ့ ညီနောင်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်ကြား အခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒါပေမယ့် အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ပြီး အပစ်ရပ်စာချုပ်ကိုအကြိမ်ကြိမ် ချိုးဖောက်နေတယ်လို့ ညီနောင်သုံးဖွဲ့က ပြောဆိုတာရှိပါတယ်။
အခုလ ပထမပတ်အတွင်း မိုးမိတ်မြို့က TNLA တပ်စခန်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ပြီးနောက်မှာ နှစ်ဖက်ကြား စစ်ရေးပြန်လည်တင်းမာလာခဲ့တာပါ။
အဲဒီနောက် ရှမ်းမြောက်စစ်ဆင်ရေးကိုကွပ်ကဲတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့အနီးထိ ညီနောင်မဟာမိတ်တပ်တွေရောက်လာနေပြီလို့သတင်းထွက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း ခံစစ်ပြင်ဆင်တာတွေရှိခဲ့ပါတယ်။
စစ်ရေးတင်းမာနေချိန်မှာပဲ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က စစ်ကောင်စီ ဟာ လက်မှတ်ထိုးထားတဲ့ အပစ်ရပ် သဘောတူညီချက်ကို လိုက်နာနိုင်ပါ့မလားသံသယရှိတဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အနေအထားရှိတယ်လို့ TNLA ပြန်ကြားရေးကတဆင့် အသိပေးပြောဆိုလာပါတယ်။
TNLAတပ်မဟာ ၂ နဲ့ တပ်မဟာ ၄ စစ်ရေးလှုပ်ရှားရာနယ်မြေတွေဖြစ်တဲ့ ကျောက်မဲ ၊လားရှိုး ၊သီပေါ ၊မိုးကုတ် ၊မိုးမိတ် ဒေသတွေ ဟာ စစ်ကောင်စီတပ်နဲ့ နီးကပ်တဲ့နေရာတွေဖြစ်လို့ အထူးသတိထားရမယ့် အခြေအနေဖြစ်တယ်လို့လည်း ဗိုလ်ချုပ် တားဘုန်းကျော်က သတိပေးပါတယ်။
ဒါကြောင့် လူထုအနေနဲ့ စစ်ရေးသတိအမြဲမပြတ်ရှိဖို့ ကိုလည်း ဗိုလ်ချုပ် တားဘုန်းကျော် ကဆိုပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်မှာ အပစ်ရပ်ကြဖို့ သဘောတူခဲ့ကြပြီး ငါးလကျော်အကြာမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာတွေကိုတွေ့ရတာပါပဲဖြစ်ပါတယ်။
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ ludunwayoo
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 - t.me/community...
Негізгі бет အပစ်ရပ်ပြီး ငါးလကျော်အကြာ ရှမ်းမြောက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွား | People's Spring
Пікірлер: 20