မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
"ဘဒ္ဒေကရတ္တဟူသည် အခါကောင်းမင်္ဂလာကောင်းကို ရစေနိုင်တဲ့တရား-ဟု ဆိုလို၏။"
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤ “ဘဒ္ဒေကရတ္တသုတ် တရားတော်” ကို ၁၃၄၀-ပြည့်နှစ်၊ ဝါဆိုလဆန်း ၇/ ၈-ရက်နေ့ ညတို့တွင် ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ဒုတိယနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ်၏ စျာပနဓမ္မပူဇာအဖြစ် ဟောခဲ့ပါသည်။ တစ်ညလျှင် ဟောချိန် ၁း၄၀ နာရီကြာခန့် ကြာပါသည်။
ဘဒ္ဒေကရတ္တသုတ်သည် ဥပရိပဏ္ဏာသပါဠိ၊ စာမျက်နှာ ၂၂၆-တွင် ပါဝင်သည့် ဂါထာ ၄-ပုဒ် အခြေခံသော သုတ်တော် ဖြစ်သည်။
မဟာစည်ဆရာတော် ဘုရားကြီးသည် "ဘဒ္ဒေကရတ္တသုတ် တရားတော်" ကို ၁၃၂၃၊ ၁၃၃၈၊ ၁၃၃၉၊ ၁၃၄၀ (ယခုလွှင့်တင်) နှစ်များတွင် ၄-ကြိမ်တိုင် ဟောကြားခဲ့ပါသည်။ ထိုအထဲမှ အသံ အကြည်လင်ဆုံး ၁၃၄၀-ပြည့်နှစ်ဟောခဲ့သော တရားတော်ကို လွှင့်တင်ပါသည်။
KZitem ဗီဒီယိုဖိုင် ဓာတ်ပုံကိုလည်း ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ဆရာတော်ကြီး၏ ဈာပနဓမ္မပူဇာ တရားပွဲဖြစ်သဖြင့် ခြောက်ထပ်ကြီးဘုရား၏ မုခ်နှင့် ဂန္ဓကုဋိကျောင်းဆောင်ကြီးကို အသုံးပြုထားပါသည်။
ထိုတရားတော်ထဲတွင် ပျံလွန်တော်မူသော ဆရာတော်ကြီး၏အကြောင်းကို ဟောရာတွင်_
“ဆရာတော် သံဃာတော်တွေ ပျံလွန်သွားတဲ့အခါမှာဆိုရင် အကြီးအကျယ် အခန်းအနားတွေ လုပ်ကြတာပါပဲ။”
“မြတ်စွာဘုရား၏ အလိုတော်အရဆိုရင်တော့ တရားနဲ့ပူဇော်တာဟာ အကောင်းဆုံးပါပဲ” ဟု ပါဝင်သကဲ့သို့၊
ဆရာတော်ကြီး၏ ဂုဏ်ကို ဖော်ကျူးရင်း_
‘စာချ စာသင် ရဟန်း သာမဏေတို့၏ သဘောသဘာဝ၊ ကထိန်ခင်းခြင်းနှင့်စပ်၍ ဗဟုသုတဖြစ်ဖွယ်၊ ယခုခေတ် နဝကမ္မဝတ္ထုငွေ လှူခြင်းနှင့် ပတ်သက်၍ တရားနှင့် ညီ၊ မညီ’ စသည် ဗုဒ္ဓဘာသာဝင်တို့ သိရှိသင့်သည့် အရာတို့ကိုလည်း ထည့်သွင်းဟောထားပါသည်။
မရဏဿတိ ဆင်ခြင်ရန်လည်း_
"ကြီးသူအများ သေသွားကြသည်၊ ရွယ်တူတွေလဲ သေပွဲဝင်သည်။
ငယ်သူတောင်မှ သေရရှာသည်၊ ငါလဲပဲ မလွဲ သေရမည်။
အဟောင်းကိုလည်း မပြန်နဲ။ အသစ်ကိုလည်း မကြံနဲ့။
ဖြစ်ဆဲ ရုပ်နာမ်၊ ပစ္စုပ္ပန်၊ အမှန်သိအောင် ရှုမှတ်ပါ။
စစ်သည်များတဲ့၊ သေမင်းနဲ့၊ မိတ်ဖွဲ့ထားခြင်း မရှိပါ။
တံစိုးပေးထား၊ စစ်အင်အား၊ စုထားခြင်းလည်း မရှိပါ။
ထို့ကြောင့် နက်ဖြန်၊ မသေရန်၊ ဧကန်တိတိ မသိပါ။
နေ့ရက် မပြင်၊ ယနေ့ပင်၊ အလျင် အမြန် အားထုတ်ပါ" စသည်ဖြင့် ကဗျာလင်္ကာတို့ဖြင့်လည်းကောင်း၊
အကျင့်ကောင်းနှင့် ပတ်သက်၍_
“ဘာသာတိုင်းဘာသာတိုင်းမှာ သူတို့ဘာသာတရားအရ ကျင့်တာဟာ ကောင်းသောအကျင့်လို့ ဒီလို အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ တကယ်စင်စစ်ကတော့ မကောင်းတာတွေ ပပျောက်အောင်ကျင့်မှ ကောင်းသောအကျင့် ဖြစ်တယ်” ဟု ဟောထားပါသည်။
ထို့အတူ ယုံကြည်မှုနှင့် ပတ်သက်၍လည်း_
“မြတ်စွာဘုရား ဟောတဲ့တရားက ဘုရားဟောလို့ ဘုရားကို ရိုသေတာနဲ့ မျက်စိမှိတ်ပြီး ယုံရတာ မဟုတ်ဘူး။ ဆရာသမားတွေက ဟောလို့ ဆရာသမားတွေ အားနာပြီးတော့ မျက်စိမှိတ် ယုံရတာ မဟုတ်ဘူး။ ကိုယ်တိုင် တွေ့နိုင်တဲ့ တရား-တဲ့။ လက်တွေ့ ကိုယ်တိုင် တွေ့နိုင်တဲ့ တရား” ဟု ရှင်းပြထားပါသည်။
နောက်ဆုံး ဝိပဿနာနှင့် အဆုံးသတ်ပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည်အထိ_
“ပေါ်တိုင်း မပြတ် ရှုမှတ်နေလျှင်၊ ရုပ်နာမ် နှစ်မျိုး ကြောင်းကျိုး သိမြင်။
မမြဲ ဆင်းရဲ ဉာဏ်ထဲ ပေါ်လွင်၊ အနတ္တ သိရ နိဗ္ဗာန်ဝင်” စသည်ဖြင့် သတိပဋ္ဌာန် အလုပ်နှင့် နိဂုံးချုပ်ထားပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет ဘဒ္ဒေကရတ္တသုတ် တရားတော် (၁/၂)
Пікірлер