မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
ကမ္ဘာအရပ်ရပ်တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ်ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဤဗြဟ္မစိုရ် တရားတော်ကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့ပါသည်။
ဤတရားတော်ကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်_
1) ၁၃၂၇-ခု၊ ဝါခေါင်လပြည့်နေ့တွင် မေတ္တာအကြောင်း၊
2) ၁၃၂၈-ခု၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကရုဏာအကြောင်း၊
3) ၁၃၂၉-ခု၊ တော်သလင်းလပြည့်နေ့တွင် မုဒိတာအကြောင်း၊
4) ၁၃၃၀-ပြည့်နှစ်၊ ဝါခေါင်လကွယ်နေ့တွင် ဥပေက္ခာအကြောင်း-တို့ကို ဟောကြားခဲ့ပါသည်။ တစ်ပုဒ်တစ်ပုဒ်လျှင် ၂၁-မိနစ်ဝန်းကျင် ကြာပါသည်။
ဤတရားတော် ၄-ပိုင်းကို ၃-နှစ်နှင့် ၁၄-ရက်အတွင်း ၄-ကြိမ်ခွဲ၍ မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့ပါသည်။ ထို အသံလွှင့် တရားတော်ကို သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံသို့ လာရောက်ကြသည့် သီတင်းသည်များအား ထပ်မံ ဟောကြားခဲ့ပါသည်။ထို့အတူ “ဗုဒ္ဓဓမ္မာလောက စာစောင်” ၌လည်း အလျဉ်းသင့်သလို ထည့်သွင်း ဖော်ပြခဲ့ပါသည်။
ထို့နောက် စာဖတ်ပရိသတ်က ထို “ဗြဟ္မစိုရ် တရားတော်” ကို စာအုပ်အဖြစ် ထုတ်ဝေရန် ဆန္ဒပြုကြ၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် (ပဋိပတ္တိသာသနာပြု မဟာစည် ရန်ပုံငွေ) ဖြင့် ထုတ်ဝေမည့်အကြောင်း နှစ်သိမ့်ခဲ့ရပါသည်။
ဤသို့ဖြင့် ၁၃၃၀-ပြည့်၊ တပို့တွဲလဆန်း ၄-ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၊ အမှတ် ၂၆၇-နေ လှည်းကူး-ဦးထွန်းရင်က မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်စာအုပ် တစ်အုပ် လှူဒါန်းလိုကြောင်း ဆရာတော်ဘုရားကြီးအား လျှောက်ထားရာ ဆရာတော်ဘုရားကြီးက ခွင့်ပြုပေးခဲ့ပါသည်။
ထို တရားတော်ထဲ၌ မဟာစည် ဆရာတော်ဘုရားကြီးက_
“ဝိပဿနာဆိုတာကတော့ လူတိုင်းလူတိုင်းလည်း မကျင့်နိုင်ဘူး။ ပြီးတော့ ကျင့်တဲ့သူမှာသာ အကျိုးထူးကို ရနိုင်တဲ့အတွက် ပရဟိတနဲ့ မဆိုင်သလိုလိုလည်း ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီကနေ့တော့ လူတိုင်းလည်း ကျင့်သုံးနိုင်ပြီး ပရဟိတနဲ့လည်းဆိုင်တဲ့ ဗြဟ္မစိုရ်တရားကို ဟောဖို့ စီစဉ်ထားပါတယ်။”
"ဗြဟ္မစိုရ်တရားဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ-ဆိုတဲ့ ဒီတရား ၄-ပါးပါပဲ။ ဒီ ၄-ပါးထဲက_
မေတ္တာ-ဆိုတာ သူများတွေလဲ ကိုယ်လိုပဲ ချမ်းသာချင်ကြပေလိမ့်မယ်-လို့ ကိုယ်ချင်းစာပြီးတော့ သူတပါးတွေကို ချမ်းသာစေလိုတဲ့ သဘောပါပဲ။
ကရုဏာ-ဆိုတာ ကိုယ့်အောက်ကလူတွေ ဒုက္ခရောက်နေရှာကြတဲ့ သူတွေကို ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတဲ့ သဘောပါပဲ။
မုဒိတာ-ဆိုတာ ကိုယ့်အထက်ကလူတွေ ကိုယ့်ထက်ပြည့်စုံတဲ့ ချမ်းသာတဲ့လူတွေကို ချမ်းသာကြပါစေ-လို့ ဝမ်းမြောက်ကြည်သာစွာနဲ့ နှလုံးသွင်းနိုင်တဲ့ သဘောပါပဲ။
ဥပေက္ခာ-ဆိုတာ သတ္တဝါတွေဟာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အမှုကံအားလျော်စွာ ဖြစ်နေကြရတာပဲ-လို့ ဘက်မလိုက်ဘဲ မျှမျှတတ နှလုံးသွင်းတဲ့ သဘောပါပဲ။”
“ဒီဗြဟ္မစိုရ်တရားဟာ လူမျိုးမရွေး ဘာသာမရွေး လူတိုင်းလူတိုင်း ကျင့်သုံးသင့်တဲ့ တရားဖြစ်ပါတယ်။” စသည်ဖြင့် ဟောကြားထားပါသည်။
တရားပထမပိုင်း နိဂုံးတွင်_
“ပြည်ထောင်စု မြန်မာနိုင်ငံသားတွေအားလုံး ဘေးရန်ကင်းကြပါစေ။ စိတ်ဆင်းရဲ ကင်းကြပါစေ။ ကိုယ်ဆင်းရဲ ကင်းကြပါစေ။ ချမ်းသာစွာနဲ့ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။”
တရားတော် ဒုတိယပိုင်း နိဂုံးတွင်_
“ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပတ္တာ စ နိဗ္ဘယာ။
သောကပတ္တာ စ နိဿောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။”
တရားတော် တတိယပိုင်း နိဂုံးတွင်_
အားလုံး မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဆုတ်ယုတ်ခြင်းမရှိဘဲ ကြီးပွားမြဲ ကြီးပွားကြပါစေ။ ချမ်းသာမြဲ ချမ်းသာကြပါစေ။ ဝမ်းမြောက်မြဲ ဝမ်းမြောက်နိုင်ကြပါစေ။”
တရားတော် နောက်ဆုံးအပိုင်း နိဂုံးတွင်_
“တလောကလုံးရှိ သတ္တဝါတွေ အားလုံးဟာ ကိုယ့်အမှုကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။ ဒီဥပေက္ခာကို ပွားများခြင်းဖြင့် ကိုယ့်အမှုကံကိုသာ အားကိုးပြီး ကုသိုလ်ကံကို ပြုစုပွားများနိုင်ကြပါစေ။ စီးပွားချမ်းသာဖြစ်ကြောင်း အလုပ်အကိုင်တို့ကိုလည်း အားထုတ်ပြုလုပ်နိုင်ကြပါစေ။ ထိုသို့ ပြုလုပ်နိုင်ခြင်းကြောင့် လောကီလောကုတ္တရာ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကြပါစေ” ဟူ၍ ဗြဟ္မစိုရ်တရား ပွားများသွားပါသည်။
လူတိုင်းလူတိုင်း၏ ရင်တွင်းမှာ ဤ ‘မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ’ ဟူသော ဗြဟ္မစိုရ်တရား ၄-ပါး ကိန်းအောင်း လိုက်နာ ကျင့်သုံးပြီး ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးဖြစ်ပါစေကြောင်း ထပ်လောင်း၍ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет ဗြဟ္မစိုရ် တရားတော်
Пікірлер