စိုးရိမ်သင့်တဲ့ အခြေအနေမျိုးထိ တိုးတက်လာနေတဲ့ တရုတ်-ရုရှား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ
ဆယ်စုနှစ် သုံးခုလောက် ကာလအတွင်း အကြီးမားဆုံး ဖြစ်လာတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခုကို ရုရှားက အကောင်အထည် ဖော်ခဲ့ပါတယ်။ ထူးခြားတာ အဲဒီ စစ်ရေး လေ့ကျင့်မှုဟာ ရုရှားတစ်နိုင်ငံတည်း လုပ်ဆောင်တာ မဟုတ်ဘဲ တရုတ်နဲ့ အတူပူးတွဲ လေ့ကျင့်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ Ocean-2024 စစ်ရေးလေ့ကျင့်မှုတွေဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ Ocean-24ဟာ ရုရှားနဲ့ တရုတ်ကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို တိုးတက် အားကောင်းလာနေတယ် ဆိုတာကို ပီပီပြင်ပြင် ဖော်ထုတ်ပြလိုက်တဲ့ အခင်းအကျင်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီ နှစ်နိုင်ငံစလုံးကို ပြိုင်ဆိုင်နေတဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ အတွက်တော့ Ocean-2024ဟာ အလေးအနက် စိုးရိမ်ရမယ့် အချက်ပေး တပ်လှန့်မှု တစ်ခုလည်း ဖြစ်လာပါတော့တယ်။
ရုရှားရဲ့ အရှေ့ဖက် ကမ်းလွန် ရေပြင်ကနေစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေကို တရုတ်နဲ့ ရုရှားရဲ့ ရေတပ်၊ လေတပ်တွေ ပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေး လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်နဲ့ မဟာမိတ်တွေကို အတိအလင်း အင်အားပြ ခြိမ်းခြောက်လိုက်တဲ့ သဘောမျိုးလို့လည်း ယူဆလို့ ရပါတယ်။ သင်္ဘော အစီး ၅၀၀ ကျော်နဲ့ လေယာဉ်အမျိုးစုံ၊ စစ်သည်အင်အား ၉ သောင်းကျော် ပါဝင်တဲ့ လေ့ကျင့်မှုကြီးမှာ နိုင်ငံပေါင်း ၁၅ ခုကို လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ ရုရှားက ဖိတ်ကြားခဲ့ပြီး အဲဒီထဲကမှ တရုတ် တစ်နိုင်ငံတည်းကသာ လေ့ကျင့်ရေးမှာ ပူးပေါင်း ပါဝင်ဖို့အတွက် သင်္ဘောတချို့နဲ့ လေယာဉ် ၁၅ စီးကို ရုရှား အရှေ့ဖျား ကမ်းလွန်ဒေသဆီ စေလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ရုရှားအပေါ် ရန်လိုမှုတွေ ထူထပ်လာတဲ့ နိုင်ငံတကာ ပတ်ဝန်းကျင်မှာ အခု စစ်ရေးလေ့ကျင့်မှုမျိုးက မရှိမဖြစ် လိုအပ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု အခမ်းအနား ဖွင့်ပွဲ မိန့်ခွန်းမှာတော့ ပူတင်က ရုရှားဟာ မိတ်ဆွေ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ တရုတ်ကို တိုက်ရိုက် ရည်ညွှန်းကြောင်း အလွယ်တကူ သိမြင်စေပါတယ်။ ရုရှားရဲ့ အင်အား အလုံးအရင်း စစ်ရေးလေ့ကျင့်မှုမှာ တရုတ်က တပ်ဖွဲ့ဝင်တွေ စေလွှတ် ပူးပေါင်းစေခဲ့တာမျိုးအပြင် မကြာသေးခင်ကလည်း ရုရှားကမ်းလွန်၊ အမေရိကန်ရဲ့ ပိုင်နက်ဖြစ်တဲ့ အလာစကာ ပြည်နယ်တဝိုက်မှာ ရုရှားနဲ့ တရုတ် ဗုံးကြဲလေယာဉ်ကြီးတွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းတာမျိုးတွေကို တွေ့လာရပါတယ်။ အဲဒီဧရိယာမှာ အရင်ကလည်း ရုရှား စစ်လေယာဉ်တွေ ပျံသန်းလေ့ ရှိပေမယ့် တရုတ် ဗုံးကြဲလေယာဉ်တွေနဲ့ အတူတူ ပူးပေါင်း ပျံသန်းတာမျိုးကတော့ ထူးကဲ အခြေအနေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ရုရှားနဲ့ တရုတ်တို့ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ဖူးပေမယ့်လည်း စစ်မဟာမိတ် အဆင့်မျိုးတော့ မရပ်တည်ခဲ့ပါဘူး။ ဒါပေမဲ့ ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး အနောက်နိုင်ငံတွေနဲ့ ပိုမို ခါးသီးလာတဲ့ ရုရှားဟာ တရုတ်နဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မြှင့်တင်နိုင်ဖို့ ပိုမို အားထုတ်လာပါတယ်။ ဒီနှစ်ထဲမှာတင် တရုတ်-ရုရှား စစ်ရေး ပူးပေါင်းလေ့ကျင့်မှုတွေ ၁၁ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ဖြစ်သလို ရုရှားရဲ့ အကြီးကျယ်ဆုံး စစ်ရေး အင်အားပြမှု အခင်းအကျင်းမှာပါ တရုတ်ကို ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
မဟာဗျူဟာနဲ့ နိုင်ငံတကာဆိုင်ရာ လေ့လာရေး စင်တာ (CSIS)ကတော့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ သဘောသဘာဝအားဖြင့် ပိုမို ရှုပ်ထွေးလာသလို ဖြန့်ကျက် လွှမ်းခြုံတဲ့ အကွာအဝေးတွေ ပိုကျယ်ပြန့်လာတာ၊ မဟာဗျူဟာမြောက် နယ်မြေတွေနဲ့ ရေပြင်တွေကို ရွေးချယ်တာတွေ ပိုပြီး အတွေ့များလာနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ အနောက်ဖက် ပင်လယ်ပြင်နဲ့ ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းတွေမှာ အဲဒီနှစ်နိုင်ငံ ပူးပေါင်းပြီး ကင်းလှည့်တဲ့ အစီအစဉ်တွေ ပိုထူထပ်လာတာကို တွေ့နိုင်ပါတယ်။
အမေရိကန်ရဲ့ ပြိုင်ဘက်တွေလို့ သတ်မှတ်ထားတဲ့ နှစ်နိုင်ငံကြား ပိုပြီး စည်းလုံးလာနေတဲ့ အခြေအနေဟာ အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေ အတွက် စိုးရိမ်စရာ ဖြစ်လာတာ မဆန်းပါဘူး။ တရုတ်ဟာ ယူကရိန်း စစ်ပွဲမှာ ကြားနေဝါဒ ကျင့်သုံးမယ်လို့ ကြွေးကြော်ရင်း နောက်ကွယ်ကနေ ရုရှားအတွက် စစ်ဘက် အရပ်ဖက် နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ တရုတ်ကတော့ အဲဒီလို စွပ်စွဲမှုတိုင်းကို ငြင်းဆိုပြီး ဘက်မလိုက် ရပ်တည်မှုကိုပဲ ကိုင်ဆွဲပါ့မယ်လို့ အတန်တန် ပြောနေပေမယ့် ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်လာတဲ့ အခြေအနေတွေကတော့ ကွဲပြားတဲ့ မျက်နှာစာ တစ်ခုဆီကို ညွှန်ပြနေပါတယ်။
တစ်ချိန်တည်းမှာပဲ ပူတင်က အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေဟာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတယ်ဆိုတဲ့ သဘောမျိုးတွေနဲ့ ဝေဖန်နေပါတယ်။ ဒါ့အပြင် တကယ်လို့သာ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်း စစ်တပ်က အနောက်နိုင်ငံလုပ် တာဝေးပစ် စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက် အတွင်းပိုင်းတွေထဲထိ တိုက်ခိုက်နိုင်အောင် ခွင့်ပြုခဲ့မယ်ဆိုရင် ရုရှားဟာ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)၊ NATO စစ်မဟာမိတ် အဖွဲ့တွေနဲ့ပါ စစ်တိုက်နေရပြီလို့ မှတ်ယူသွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ ဆိုးလာလေလေ၊ အားထားရမယ့် မိတ်ဖက်ကောင်းတွေ ပိုလိုအပ်လာလေလေ ဆိုတာကို နားလည်ထားတဲ့ ပူတင်ဟာ တရုတ်ကို ပိုပြီး ခပ်နီးနီး ဆွဲကပ်ထားဖို့ ကြိုးစားလာရပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет စိုးရိမ်သင့်တဲ့ အခြေအနေမျိုးထိ တိုးတက်လာနေတဲ့ တရုတ်-ရုရှား စစ်ရေး ဆောင်ရွက်မှုများ | People's Spring
Пікірлер: 62