ထိုင်းဘုရင် ရန်ပြုလို့ မင်းသမီးကြီး သီရိဒုံ ခြေထောက်ကျိုးသွားတယ်ဆိုတဲ့ စွပ်စွဲချက် ထွက်လာ
ဇန်နဝါရီ - ၂၇ ၊၂၀၂၁
ထိုင်းဘုရင် မဟာ ဗဂျီရာ လောင်ကွန်းဟာ ညီမတော် သီရိဒုံကို ခြေထောက် ကျိုးသွားစေတဲ့ထိ ရန်လို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တစ်ခု ထွက်ပေါ်လာပါတယ်။
Reuters သတင်းဌာနရဲ့ ဘန်ကောက်မြို့ ဌာနခွဲ အကြီးအကဲဟောင်း အန်ဒရူး မက်ဂရီဂေါ် မာရှယ်လ်က ဒီသတင်းကို အခပေး သတင်းလွှာ တစ်ခုဖြစ်တဲ့ Secret Siamမှာ ထည့်သွင်း ဖော်ပြထားတာပါ။
ထိုင်းဘုရင် ဗဂျီရာ လောင်ကွန်းဟာ သဘောထား တင်းမာပြီး စိတ်အခြေအနေ ကြိုတင် ခန့်မှန်းရ ခက်ခဲသူ တစ်ဦးအဖြစ် လူသိများပါတယ်။ မာရှယ်လ်က ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကြောင့် သူ့ရဲ့ သတင်းပေးတွေ နာမည်ကို ဖော်ပြလို့ မရဘူးလို့ ဆိုပါတယ်။ ထိုင်းမှာ ဘုရင်နဲ့ တော်ဝင်မိသားစုကို သိက္ခာချရင် နှစ်ရှည် ထောင်ဒဏ် ပြစ်ဒဏ်မျိုး ချမှတ်ခံရနိုင်ပါတယ်။ အခုဖြစ်ရပ်မှာ ဘုရင်က ဒုတိယမြောက် မိဖုရားတစ်ပါး တင်မြှောက်ဖို့ စီစဉ်ခဲ့တာကို မင်းသမီးကြီး သီရိဒုံက ကန့်ကွက်ရာက အချင်းများခဲ့ကြတယ်လို့ ဆိုပါတယ်။
သီရိဒုံဟာ ထိုင်းဘုရင် မွေးထားတဲ့ ခွေးတွေနဲ့ ထိခိုက်မိပြီး လဲကျသွားရာက ခြေကျင်းဝတ် နှစ်ဖက်စလုံး ကျိုးသွားတာလို့ နန်းတော်ရဲ့ အတွင်းလူ တချို့က မာရှယ်လ်ကို ပြောပြခဲ့ပါတယ်။ တချို့ကတော့ ဘုရင်ဟာ သီရိဒုံရဲ့ ခြေထောက်ပေါ် တက်ခုန်တာ၊ ဒါမှမဟုတ် ကြိမ်တုတ်နဲ့ ရိုက်နှက်တာတွေပါ လုပ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဖောက်သည်ချခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ သီရိဒုံဟာ မတော်တဆ ချော်လဲရာက ခြေကျင်းဝတ်တွေ ကျိုးသွားကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ပိုပြီး ရှုပ်ထွေးတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့ ယူဆရပါတယ်။ ထိုင်းဘုရင်မှာ မိဖုရားခေါင်ကြီး စုသီဒါ ရှိနေပေမယ့် သူ့ရဲ့ တော်ဝင် ကိုယ်လုပ်တော် ဆီနီနတ် ဝမ်ဗက်ဂျီရာပက်ခ်ဒီးကိုပါ ဒုတိယ မိဖုရားအဖြစ် ခန့်အပ်လိုနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ထုံးတမ်းစဉ်လာတွေအရ မသင့်တော်တဲ့အတွက် သီရိဒုံက ရှင်းပြ ကန့်ကွက်ရာက ဘုရင်ရဲ့ အမျက်ဒေါသနဲ့ ကြုံခဲ့တာလို့ ဆိုပါတယ်။ မာရှယ်လ်က သူ့ရဲ့ သတင်းပေးတွေဟာ နန်းတော်ထဲမှာ ပေါက်ရောက်မှုရှိပြီး ယုံကြည်စိတ်ချရတဲ့ အနေအထားရှိကြောင်း အာမခံထားပါတယ်။
သီရိဒုံဟာ ဘန်ကောက်က ချူလာလောင်ကွန်း ဆေးရုံမှာ ခြေကျင်းဝတ် နှစ်ဖက်လုံး ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လပေါင်း အတော်ကြာတဲ့ထိ လမ်းပြန်လျှောက်နိုင်ဖွယ် မရှိသေးဘူးလို့ ဆိုပါတယ်။ ဆီနီနတ်သာ တကယ်တမ်း မိဖုရားရာထူး ရလာခဲ့မယ် ဆိုရင်တော့ သူနာပြုနဲ့ စစ်မှုထမ်းဟောင်း အမျိုးသမီးရဲ့ အံ့ဩစရာ တကျော့ပြန် တက်လှမ်းမှုလို့ ဆိုရမှာပါ။ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဟာ မိဖုရားခေါင်ကြီးနဲ့ ပြဿနာ တက်ရာက တော်ဝင်ကိုယ်လုပ်တော် ရာထူးကနေ ဖယ်ရှားခံရပြီး ပြုပြင်ရေး စခန်းတစ်ခုမှာ ၁၀ လလောက် ထိန်းသိမ်း ခံခဲ့ရပါတယ်။
နောက်ပိုင်းကျမှ ထိုင်းဘုရင်က ဆီနီနတ်ကို မူလ အဆောင်အယောင် ရာထူး ပြန်လည် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv
Негізгі бет Ойын-сауық ထိုင်းဘုရင် ရန်ပြုလို့ မင်းသမီးကြီး သီရိဒုံ ခြေထောက်ကျိုးသွားတယ်ဆိုတဲ့ စွပ်စွဲချက် ထွက်လာ
Пікірлер: 16