ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား
“လူသားနဲ့ မကောင်းမှုပွားလေ ဒုက္ခများလေ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ
သင်ကြားပေးမှာ ဖြစ်ပါတယ်။
ပုထုဇဥ်လူသားတွေဟာ လူသားပဲဖြစ်ဖြစ်၊ ရှင်, ရဟန်းပဲဖြစ်ဖြစ် ဘုရားရှင်က မကြိုက်တဲ့ မကောင်းမှု
များကို ကိုယ်က ကြိုက်နေတတ်ပါတယ်။ ဘာ့ကြောင့် ကြိုက်နေတာလဲဆိုရင် စိတ်ရိုင်းလေးတွေနဲ့ မိုက်
နေကြသေးလို့ပါ။
လူသားတွေဟာ မကောင်းမှု လုပ်တာချင်းအတူတူ သူတော်ကောင်းစိတ် အခြေခံ ရှိသူနဲ့ သူတော်ကောင်းစိတ်
အခြေခံ မရှိသူ တစ်ယောက်နဲ့တစ်ယောက် ဘာမတူတာလဲဆိုရင် စိတ်ဓာတ် မတူကြတာပါ။
သူတော်ကောင်းစိတ် အခြေခံ ရှိသူက မကောင်းမှုတစ်ခုကို ပြုလုပ်မိလိုက်ရင် “ဒီ အလုပ်ဟာ မသင့်တော်ဘူး။
ဒီအလုပ်ဟာ ယုတ်ညံတယ်” လို့သူ့ဉာဏ်နဲ့ဆင်ခြင်ပြီး နောက်ထပ် မပြုလုပ်မိအောင် ကြိုးစား ရှောင်ကြဥ်ပါတယ်။
အဲဒါဟာ သူတော်ကောင်းစိတ်ရှိသူရဲ့ သဘောသဘာဝပါ။
သူတော်ကောင်းစိတ် အခြေခံ မရှိသူများကျတော့ မကောင်းမှုတစ်ခုကို ပြုလုပ်မိရင် အဲဒီမကောင်းမှုကို မကောင်းမှု
လို့လည်း မမြင်၊ မကောင်းကျိုး ပေးမှာလို့လည်း မမြင်၊ ဒုက္ခများခြင်းဟာ မကောင်းမှု များခြင်းကြောင့်ပဲလို့လည်း
မတွေး၊ မမြင်၊ မဆင်ခြင်၊ ရှောင်ရန်လည်း မကြိုးစား ဖြစ်ပါဘူး။ အဲဒါဟာ သူတော်စိတ် အားနည်းနေသေးသူရဲ့ သဘော
သဘာဝပါ။
ဒီနေရာမှာ လူသားပဲဖြစ်ဖြစ်၊ ရှင်, ရဟန်းပဲဖြစ်ဖြစ် မကောင်းမှုလုပ်မိပြီဆိုရင် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ဒီတရားဆိုး
သုံးမျိုးကြောင့်ပါပဲ။ ဒီသုံးမျိုး အားကြီးလေလေ မကောင်းမှု လုပ်ဖြစ်လေလေပါပဲ။
လောဘကို အခြေခံတဲ့ မကောင်းမှုဆိုရင် လိုချင်တာ၊ တပ်မက်တာ၊ စွဲလန်းတာ၊ သဘောကျတာ၊ အမြင် မှားတာ၊ အယူအဆမှားတာ၊
မာန်မာနကြီးတာ၊ ငါဆိုတဲ့ လက်မလေးထောင်တာတွေ ဖြစ်တတ်ပါတယ်။
ဒေါသကို အခြေခံတဲ့ မကောင်းမှုဆိုရင်တော့ စိတ်ဆိုးတာ၊ စိတ်တိုတာ၊ စိတ်ကောက်တာ၊ မနာလိုတာ၊ ဝန်တိုတာ၊ စိတ်ပူပန်တာ၊ စိတ်နှလုံး
မသာမယာ ဖြစ်တာ၊ လုပ်သင့်သလား မလုပ်သင့်ဘူလားလို့ ယုံမှားသံသယဖြစ်တာတွေ ပါလာတတ်ပါတယ်။
မောဟကို အခြေခံတဲ့ မကောင်းမှုဆိုရင်တော့ အမှားနဲ့အမှန် ခွဲခြား မသိတာ၊ မကောင်းမှု လုပ်ရမှာ မရှက်တာ၊ မကောင်းကျိုး ကိုယ့်စီလာမှာ
မကြောက်တာ၊ စိတ်မတည်ငြိမ်ဘဲ ပျံ့လွင့်တာတွေ ဖြစ်တတ်ပါတယ်။
သူရော, ကိုယ်ပါ မကောင်းမှုတစ်ခု လုပ်ဖြစ်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရား သုံးမျိုးကိုချည်း အခြေခံတာပါ။ ဒီသုံးမျိုး
ကလည်း တမင်သက်သက် ကြိုးစားပြီး ပယ်ဖျောက်မှ ပျောက်တာပါ။ သူ့အလိုလို ပျောက်သွားတယ်ဆိုတာ မရှိပါဘူး။
ဒီသုံးမျိုးထဲမှာ လောဘအား နည်းသွားဖို့ဆိုရင် အသုဘ ကမ္မဌာန်းတွေကို စိးဖျန်းရမှာပါ။ အသုဘ ကမ္မဌာန်းဆိုတာ တင့်တယ်တယ်၊ ကောင်းတယ်
လို့ ထင်နေတဲ့စိတ်လေးကို မတင့်တယ်ဘူး၊ မကောင်းပါဘူးလို့ မြင်လာအောင် လေ့ကျင့်ရတာပါ။ အဲဒီလို လေ့ကျင့်ပေးမှ လောဘက, လိုချင်တဲ့စိတ်က,
တပ်မက်တဲ့စိတ်က တဖြည်းဖြည်းနဲ့ လျော့ကျလာမှာပါ။
ဒေါသတရား အားနည်းသွားဖို့ဆိုရင်တော့ မေတ္တာတရား များများ ပွားများဖို့ လိုအပ်ပါတယ်။ မေတ္တာပွားတယ်ဆိုတာ သတ္တဝါတွေရဲ့ ကောင်းကျိုးကို ဖြစ်
စေလိုတဲ့ စိတ်လေး နှလုံးသားမှာ ကိန်းလာအောင် လေ့ကျင့်ပေးတာပါ။ အဲဒီလို မေတ္တာကို မပွားနိုင်သမျှ စိတ်ဆိုးတာ၊ စိတ်တိုတာစတဲ့ တရားဆိုးတွေဟာ
ကိုယ့်သန္တာန်က လျော့ကျ မသွားနိုင်ပါဘူး။
မောဟတရား အားနည်းသွားဖို့ဆိုရင်တော့ စာပေသင်ယူတာ၊ ကိုယ်မသိတဲ့ အဓိပ္ပါယ်များ၊ သဘောတရားများကို မေးမြန်းတာ၊ လေးစားထိုက်တဲ့ ဆရာသမား
စတဲ့သူတွေထံမှာ နေထိုင်တာစတာတွေလုပ်ပြီး မသိတာတွေကို သိလာအောင် ကြိုစားကြရမှာပါ။ အချို့ကိစ္စများက အပြစ်ရှိတယ်လို့ ကိုယ်က တိတိကျကျ မသိလို့
လုပ်မိနေတဲ့ မကောင်းမှုတွေပါ။ အဲဒီမကောင်းမှုများဟာ အသိတရား ကြွယ်ဝလာတာနဲ့အမျှ ရှောင်ကြဥ်လာနိုင်မှာပါ။
ဓမ္မပဒမှာ သေယျသကတ္ထေရ.ဝတ္ထုဆိုတာ ရှိပါတယ်။ အဲဒီဝတ္ထုမှာ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မှားမှားယွင်းယွင်း ပြုကျင့်မိတဲ့ ရဟန်းတော်ကို ဘုရားရှင်က ကဲ့ရဲ့တော်
မူပြီး အဲဒီလို ပြုလုပ်ဆောင်ရွက်ပါက အပြစ်သင့်စေလို့ ဝိနည်းစည်းကမ်းထုတ်ပြီး -
“ယောက်ျားဟာ မကောင်းမှုကို တစ်ကြိမ်တစ်ခါ ပြုမိငြားအံ။ အဲဒီလို ပြုမိမယ်ဆိုရင်
အဲဒီ မကောင်းမှုကို ထပ်ခါထပ်ခါ မပြုလုပ်ရာ၊ အဲဒီ မကောင်းမှုမှာ ပြုလုပ်လိုခြင်း တဏှာဆန္ဒကို
မပြုရာ၊ ဘာ့ကြောင့် မပြုရတာလဲဆိုရင် မကောင်းမှုရဲ့ တိုးပွားခြင်းဟာ ခုရော, နောင်ပါ ဆင်းရဲကြောင်းဖြစ်လို့ပါ” လို့ ဘုရားရှင်က တရားဟောတော်မူခဲ့ပါ။
ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ဟာ-
“ဘုရားရှင် ဟောတော်မူသလို မကောင်းမှုတစ်ခုကို တစ်ကြိမ်လုပ်မိတယ်ဆိုရင် နောက်ထပ် အဲဒီလို အလားတူအကုသိုလ်မျိုး ထပ်မဖြစ်အောင် ကြိုးစား ရှောင်ကြဥ်ဖို့ပါ၊
ကြိုးစား ရှောင်နိုင်လို့ မကောင်းမှု မဖြစ်တော့ဘူးဆိုရင် အဲဒီမကောင်းမှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ဒုက္ခတွေ ကိုယ့်မှာ မကြုံရတော့ဘူးလို့ နားလည်ကြဖို့ပါပဲ..
မိတ်ဆွေတို့။
ဒီတရားလေး နာကြားပြီး-
(က) ဘယ်လို မကောင်းမှုမျိုး အဖြစ် အများဆုံးပါလဲ?
(ခ) မကောင်းမှု လုပ်လိုစိတ်တွေ ဝင်လာရင် ဘယ်လို တားဆီးလေ့ရှိပါသလဲ?
(ဂ) မကောင်းမှု မှန်သမျှဟာ တရား ဘယ်နှပါးကြောင့် ဖြစ်နေတာပါလဲ?
ဖြေကြားကာ “မကောင်းမှုပွားရင် ဒုက္ခလည်းများတတ်လို့ မကောင်းတဲ့ လုပ်ရပ်၊ မကောင်းတဲ့ စိတ်ဆန္ဒတွေကို နှိပ်ကွပ်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ..။ (၁၈.၁၀.၂၃)
Негізгі бет လူသားနဲ့ မကောင်းတာလုပ်လေ ဒုက္ခများလေ
Пікірлер: 2