ဒီနေ့ အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား
“လူသားနဲ့ တူချင်ရင် တူယှဥ်လိုက်ခဲ့ပါ” ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဟောပြောပြသ သင်ကြား
ပေးမှာ ဖြစ်ပါတယ်။
“တူချင်ရင် တူယှဥ်လိုက်ခဲ့ပါ” ဆိုတဲ့ ဒီတရားလေးကို ဘာ့ကြောင့် ဟောရတာလဲဆိုရင်
“စိတ်ဓာတ်တူ, လုပ်ရပ်တူ, ဘဝလေးတွေ” ကို ရရှိ ပိုင်ဆိုင်စေချင်လို့ပါ။
လူသားတွေဆိုတာ လူချင်းမတူကြတော့ စိတ်ထားချင်းလည်း တူညီဖို့ ခက်ပါတယ်။ စိတ်ထားချင်း
မတူညီကြတော့ သူတစ်မျိုး, ကိုယ်တစ်မျိုး စုစည်းဖို့၊ ညီညွတ်ဖို့ မလွယ်ဘူးပေါ့။
ပေါင်းစည်းရန် ခက်တဲ့ လူတွေကို တစ်ပေါင်းတည်း တစ်စည်းတည်း တစ်စိတ်တည်းဖြစ်သွားစေနိုင်
တဲ့ နည်းလမ်းများကို ဗုဒ္ဓစာပေမှာ လမ်းညွှန်ပြသ ထားပါတယ်။
တရားလေးပါး တူညီကြရင် အခုရော, နောင်ပါ တွေ့ဆုံကာ သာယာတဲ့ ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ကြ
ကြောင်းကို “ပဌမ သမဇီဝီသုတ်၊ ဒုတိယ သမဇီဝီသုတ်တို့မှာ လေ့လာနိုင်ပါတယ်။ တရား (၄) ပါးကတော့-
၁။ ယုံကြည်မှု တူညီခြင်း၊
၂။ ကိုယ့်ကျင့်တရား တူညီခြင်း၊
၃။ စွန့်ကြဲပေးကမ်းမှု တူညီခြင်း၊
၄။ စဥ်းစားဆင်ခြင်တတ်တဲ့ ပညာ တူညီခြင်းတို့ ဖြစ်ပါတယ်။
လူသားတွေ ပြောပြောနေကြတဲ့ စိတ်တူ, ကိုယ်တူဆိုတာ ဒီတရားလေးပါး တူညီကြမှပါ။ ဒီတရားလေးပါး
တူညီနေတဲ့သူတွေဟာ ဘာသာရေးလုပ်လည်း အတူ ညှိနှိုင်းစရာ မလို၊ ပြောလိုက်တာနဲ့ တက်ညီလက်ညီ
ပြုလုပ်ကြပါတယ်။ ကိုယ့်ကျင့်တရားလည်း အလေးထားကြတာချင်း တူညီကြတယ်။ ဘုရားသွား၊ ကျောင်း
တက် သီလယူ တူညီကြတယ်။ ပေးကမ်းစရာရှိလည်း စိတ်တူကိုယ်တူ ပေးကမ်းလေ့ရှိကြတယ်။ ကိစ္စကြီး
ငယ်တို့မှာလည်း ပညာဉာဏ်နဲ့ ဆင်ဆင်ခြင်ခြင် ချင့်ချင့်ချိန်ချိန် ပြုလုပ်လေ့ရှိကြပါတယ်။
ဒီတရားလေးပါး မရှိကြတဲ့ နယ်ပယ်တွေမှာတော့ လူသားတွေဟာ တကွဲတပြားစီနဲ့ သူကလည်း သူထင်ရာ
သူလုပ်၊ ကိုယ်ကလည်း ကိုယ်ထင်ရာ ကိုယ်လုပ်နဲ့ အိမ်တွင်းရေး ပြဿနာပေါင်းစုံ၊ အိမ့်ပြင်ပ ပြဿနာပေါင်း
စုံနဲ့ ကြုံဆုံကြရတတ်ပါတယ်။
နေပုံထိုင်ပုံတွေ၊ ပြောပုံ၊ ဆိုပုံ၊ စဥ်းစားပုံ၊ ဘဝစည်းစိမ် စတာတွေ တစ်ဦးနဲ့တစ်ဦး တူညီမှု မတူညီမှုဟာ ဒီတရား
လေးပါးပေါ်မှာ မူတည်နေတာပါ။ တစ်ဦးနဲ့ တစ်ဦး အလွယ်တကူ ညီနှိုင်းလို့ရတာ၊ တိုင်းပင်လို့ ရတာဟာလည်း
ဒီတရားတွေပါပဲ။ ဒီတရားလေးပါး မညီမျှသူတွေဟာ ဘယ်လောက်ပဲ အနီးကပ်နေကြနေကြ ဝေးကွာနေကြသူတွေပါ။
တူချင်ရင် တူယှဥ်လိုက်ခဲ့ဖို့ လိုပါတယ်။ ယုံကြည်မှု သဒ္ဓါ မတူသေးရင် တစ်ဦးက ယုံကြည်မှု အားကောင်းပြီး
တစ်ဦးက အားနည်းနေသေးရင်၊ တစ်ဦးက ကိုယ်ကျင့်တရား ကောင်းပြီး တစ်ဦးက လျော့လျော့ရဲရဲ ဖြစ်နေရင်၊
တစ်ဦးက ပေးတာ, ကမ်းတာ, စွန့်ကြဲတာ ဝါသနာပါပြီး တစ်ဦးက နှမြောခြင်း, တွန့်တိုခြင်းတွေနဲ့ ပြည့်နေရင်၊
တစ်ဦးက အရာရာကို ရှေ့ရေး နောက်ရေး အဖက်ဖက်ကတွေးကာ ပြောဆို, လုပ်ကိုင်, စဥ်းစားတတ်ပြီး တစ်ဦးက
ထပ်ကနဲဆို ရှူးရှူးဒိုင်းဒိုင်း ကြဲနေမယ်ဆိုရင် တူယှဥ်တွဲကာ နေထိုင်ဖို့ ခက်ပါတယ်။ တူချင်ရင် မတူညီတာတွေကို
သတိထားကာ ပြုပြင်ပါမှ လူသားတွေ တဖြေးဖြေး စိတ်နေသဘောထားတွေ တူညီလာမှာပါ။
ဓမ္မပဒမှာ မဟာကပ္ပိနတ္ထေရ.ဝတ္ထုဆိုတာ ရှိပါတယ်။ အဲဒီဝတ္ထုမှာ မဟာကပ္ပိနမင်းနဲ့ အနောဇာမိဖုရားတို့ဟာ အားကျ
စရာပါ။ မင်းနဲမိဖုရားတင် မဟုတ်ပါဘူး သူတို့နဲ့ စိတ်တူကိုယ်တူ ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ကြတဲ့ နောက်လိုက်
နောက်ပါတွေဟာလည်း အားကျစရာပါ။
ဒီမင်း, မိဖုရားနဲ့ နောက်လိုက်နောက်ပါ (၁၀၀၀) တို့ဟာ အတိတ်ဘဝတွေမှာလည်း အတူတူ အလုပ်တွေလုပ်ခဲ့ကြတယ်။
ကုသိုလ်တွေ အတူတူ လုပ်ခဲ့ကြတယ်။ ကျောင်းတွေ အတူတူ ဆောက်လုပ်လှူဒါန်းခဲ့ကြတယ်။ သင်္ကန်းတွေ အတူတူလှူဒါန်း
ခဲ့ကြတယ်။
အတိတ်ဘဝအဆက်ဆက်မှာလည်း နတ်ဖြစ်လိုက်, လူဖြစ်လိုက်နဲ့ လာခဲ့ကြပြီး နောက်ဆုံးဘဝမှာ မင်းနဲ့မိဖုရား၊ နောက်လိုက်
နောက်ပါ အမတ်တွေ ဖြစ်ကြကာ မင်းကြီးနဲ့ ကျန်အမျိုးသား (၁၀၀၀) တို့က ဘုရားရှင်ထံ သင်္ကန်းဝတ်ကာ ရဟန်းပြုကြပြီး
မိဖုရားနဲ့ ကျန်အမျိုးသမီး (၁၀၀၀) တို့က အရှင်ဥပ္ပလဝဏ်ရဟန်းမထံ ရဟန်းမပြုကြကာ တရားထူးတရားမြတ်များ ရရှိသွား
ကြပါတယ်။ အားလုံးဟာ တန်းတူရည်တူတွေဖြစ်ချင်လို့ စိတ်ဓာတ်တွေ ပြင်ကာ တူယှဥ်လိုက်ခဲ့လို့ နောက်ဆုံးပန်းတိုင်ကို အတူတူ
ရောက်သွားကြတာပါ။
ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ဟာ-
“အခြေခံစိတ်ဓာတ်တွေ မတူရင် ဘဝအဆင့်အတန်း၊ အပြော, အဆို, အနေအထိုင်တွေ မတူညီတာဖြစ်လို့ သူ့စိတ်, ကိုယ့်စိတ်ကို
ဘုရားဟောတဲ့ တရား (၄) ပါးနဲ့ ပြုပြင်ကာ တစ်ဦးနဲတစ်ဦး တူညီအောင် လိုက်နာကျင့်သုံးကြဖို့ပါပဲ..မိတ်ဆွတို့။
ဒီတရားလေး နာကြားပြီး-
(က) လူသားတွေ စိတ်တူ, ကိုယ်တူ ရှိတာ ဘာ့ကြောင့်ပါလဲ?
(ခ) လူသားတွေ စိတ်တူ, ကိုယ်တူ မရှိတာရော ဘာ့ကြောင့်ပါလဲ?
(ဂ) လူသားတွေ စိတ်ထားတူညီကြောင်းတရား ဘယ် နှပါးပါလဲ?
ဖြေကြားကာ “စိတ်တူ, ကိုယ်တူနဲ့ အခုရော, နောင်ပါ သာယာတဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ” ။ (၂၁.၉.၂၃)
Негізгі бет လူသားနဲ့ တူချင်ရင် တူယှဥ်လိုက်ခဲ့ပါ
Пікірлер: 1