မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မဟာစည်ဆရာတော်ဘုရားကြီးသည် မဟာဒုက်တရားတော်ကို ရန်ကုန်မြို့၊ မုန့်လက်ဆောင်းကုန်းရပ်ကွက်၌ ၁၅-ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မဟာဒုက်ဆွမ်းအလှူပွဲတွင် ၃-ညဆက် ဟောခဲ့သော တရားဖြစ်သည်။ ၁၅-ကြိမ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ ၁၉၆၃-ခုနှစ်၊ ဇန်နဝါရီလ ၄-ရက်နေ့ဖြစ်သဖြင့် မြန်မာလို ၁၃၂၄-ခုနှစ်၊ ပြာသိုလဆန်း ၁၀/ ၁၁/ ၁၂-ရက်နေ့များတွင် ဟောသော တရားတော်ဖြစ်သည်။
၁၃၂၄-ခု၊ ပြာသိုလတွင် ၁၅-ကြိမ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် မုန့်လက်ဆောင်းကုန်းရပ်ကွက်မှ ဒေါ်ဉာဏစာရီ၊ ဒါယကာ ဦးထွန်းရင် စသော စေတနာရှင်များက မဟာဒုက်ဆွမ်းအလှူ တရားဟောရန် လျှောက်ထားသဖြင့် မဟာဒုက်ဆွမ်းအလှူ တရားတော်ကို ဝိပဿနာတရားတော်နှင့် ယှဥ်တွဲ၍ ၃-ညတိုင် ဟောသော တရားဖြစ်သည်။
တရားပွဲ ပထမနေ့ အစတွင် “ဘုန်းကြီးအနေဖြင့် ဒီလိုတရားပွဲမျိုးကတော့ မဟောဖူးသေးပါဘူး။ ဟောလေ့ရှိတာကတော့ ဝိပဿနာဘာဝနာကို လေ့လာလိုက်စားသူများရှိတဲ့ အထူးသဖြင့် ကမ္မဋ္ဌာန်းကျောင်း ရှိတယ်-ဆိုရင် အဲဒီလိုအရပ်တွေကို လိုက်ပြီး ဝိပဿနာတရား ဟောလေ့ရှိပါတယ်” စသည်ဖြင့် မိန့်ကြားသည်။
“မဟာဒုက် ဆွမ်းအလှူပွဲဖြစ်သဖြင့် မဟာဒုက်အကြောင်း ဟောရမည်ဖြစ်သလို ဝိပဿနာတရားတော်ကို ဟောနေကျ ဘုန်းတော်ကြီးဖြစ်သဖြင့် ဝိပဿနာတရားတော်လည်း ပါရမည်။ ပရိသတ်၏ အခြေအနေကို ကြည့်၍ ဟောတော်မူမည်” စသည်ဖြင့်လည်း မိန့်ပါသည်။
ဤတရားတော် ဟောကြားပုံမှာ ပထမနေ့တွင် မုန့်လက်ဆောင်းကုန်း တရားနာပရိသတ်ကို အလွယ်တကူ သဒ္ဓါတရားတိုးပွားစေရန် ဟောပြီးနောက် ကျန်နေ့များတွင် ဝိပဿနာ ရှုမှတ်ပုံများကို ဆက်စပ်ဟောသည်။
ပထမနေ့တွင် မဟာဒုက်ဆွမ်းအလှူပွဲနှင့်စပ်၍ အခြေခံဂါထာ ၄-ပုဒ်တွင် ပထမပုဒ်မှ သုပ္ပဋိပ္ပန္နောဂုဏ်နှင့် ပြည့်စုံသော ဗုဒ္ဓသာသနာတော်တွင် လောဘ၊ ဒေါသနည်းစေရန် ကျင့်ရသောအကျင့်မျိုးရှိပြီး အခြားဘာသာများတွင် လောဘ၊ ဒေါသနည်းအောင် ကျင့်ရသောအကျင့်မျိုး မပါခြင်းစသည့် ကွာခြားချက်များကို စိတ်ဝင်စားဖွယ် ဟောထားသည်။
ဒုတိယနေ့တွင် အခြေခံဂါထာ ၄-ပုဒ်တွင် ဒုတိယပုဒ်နှင့် ဝိပဿနာကျင့်ပုံ၊ တတိယနေ့တွင် တတိယပုဒ်၊ စတုတ္ထပုဒ်များကို ဖွင့်ပြဟောထားသည်။
ထို့ပြင် တရားနာပရိသတ်နှင့် ရင်းနှီးစွာ ဟောထားသည်။ ဥပမာအားဖြင့် ဒုတိယည တရားမသိမ်းမီ တရားနာပရိသတ်ကို မနက်ဖြန် စောစောလာခဲ့ရန်၊ မနက်ဖြန် သိပ်ကောင်းတဲ့တရားတွေ ဟောမယ်၊ ဘုန်းကြီးကလည်း အားရပါးရ ဟောရလိမ့်မယ် စသည်ဖြင့် တရားနာပရိသတ်အား မိန့်ကြားနေပုံများကို နာယူရပါမည်။
ထိုစဥ်က မုန့်လက်ဆောင်းကုန်းရပ်ကွက်၌ လက်လုပ်လက်စား သာမန်အရပ်သား အများစု နေထိုင်ကြသည့်ရပ်ကွက် ဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာအရပ်ရပ်ရှိ တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
-------------------
မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
Негізгі бет မဟာဒုက် တရားတော် (၁)
Пікірлер