မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲ ၂၁ တွဲ ရန်ကုန်ကို ရောက်ရှိလာ
----------------------------------------------------------------------------------
- ဂျပန်အစိုးရရဲ့ အထောက်အပံ့အစီအစဉ်နဲ့ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲ ၂၁-တွဲဟာ မေလ ၁၁-ရက်နေ့ ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ယခုရောက်ရှိနေတဲ့ ရထားတွဲတွေဟာ မကြာခင်ကာလအထိ ဂျပန်နိုင်ငံမှာ အသုံးပြုခဲ့တာဖြစ်ပြီး မြန်မာမီးရထားက ပြန်လည်မွမ်းမံမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရန်ကုန်မြို့ပတ်ရထားလမ်းလို ရထားလမ်းပိုင်းတွေမှာ ပြေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ရထားတွဲအသစ် ၆၆ ခု ဝယ်ယူဖို့ ရှိနေပြီး ဂျပန်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ရထားတွဲ ၃၂ တွဲကို ယခုနှစ်အတွက် လွှဲပြောင်းဖို့ လျာထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရထားတွဲ ၅ တွဲရောက်ရှိခဲ့ပြီး ယခုတော့ မြန်မာ့မီးရထားက ပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်းနဲ့ စမ်းသပ်မောင်းနှင်ခြင်းတွေ ပြုလုပ်ထားပြီးဖြစ်လို့ မကြာခင် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ရထားတွဲ ၂၆ တွဲအထိ ရောက်ရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဂျပန်အစိုးရအနေနဲ့ ရထားတွဲတွေ လွှဲပြောင်းပေးအပ်ခြင်းတွေအပြင် ရန်ကုန်မြို့ပတ်ရထားလမ်းပြန်လည်ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတွေ ဆောင်ရွက်ဖို့ ရထားလမ်းအောက်ခံမြေသားနဲ့ လမ်းကြောင်း၊ လမ်းပိုင်းဆောက်လုပ်ရေးဆက်စပ်ပစ္စည်းများ၊ ရထားလမ်းအချက်ပြစနစ် စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Негізгі бет မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲ ၂၁ တွဲ ရန်ကုန်ကို ရောက်ရှိလာ
Пікірлер