ဘားအံ၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် နှင့်လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ
ဘားအံ ဧပြီ ၁၃
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အတာသင်္ကြန်အကြိုနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း၊မြို့မဘောလုံးကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်နှင့်တကွ နိုင်ငံတစ်ဝန်းလုံးနှင့် ကမ္ဘာတစ်ဝှမ်းရောက်ရှိနေကြသော မြန်မာနိုင်ငံ သားတို င်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲ တော်ကာလမှသည် လာလတ္တံသော ၁၃၈၅ ခုနှစ် တစ်နှစ်လုံးနှင့်အနာဂတ်ကာလ တစ်လျှောက်လုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းချမ်းမြေ့သာယာရှိပါစေ၊ ကောင်းမြတ်သောလိုအင် ဆန္ဒများပြည့်စုံကြပါစေ၊ အချင်းချင်းမုန်းစိတ်မဝင်မေတ္တာစိတ်ဖြင့် ချစ်ခင်ကြည်ဖြူကြပါစေ၊ မိုးလေဝသဖြောင့်မတ် မှန်ကန်၍ ကောက်ပဲသီးနှံကောင်းမွန်ဖူလုံပိုလျှံပါစေ၊ ရောင်းရေးဝယ်တာသွား လာလှုပ်ရှား သမျှအောင်မြင်ပြီးမြောက်၍ စီးပွားဥစ္စာရတနာရွှေငွေပေါကြွယ်ဝပါစေ၊ အနဝဇ္ဇာနိကမ္မာနိ ဟူသော အပြစ်မရှိခြင်း မင်္ဂလာတရားများနှင့်ပြည့်စုံကြ ပါစေကြောင်း နှစ်သစ်ကူးဆု တောင်းမေတ္တာပို့သ၍ နှစ်သစ်ကို ကြိုဆိုနှုတ်ခွန်းဆက်သသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)ဘားအံခရိုင် ဥက္ကဋ္ဌပဒိုအောင်မော်ဧတို့က ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(ဘားအံမြို့) ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မဟာသင်္ကြန် ယိမ်းအကအဖွဲ့ ၃၈ ဖွဲ့မှ ယိမ်းသမစုစုပေါင်း ၅၀၈ ဦးခန့်က မြူမှောင်ဝေကင်း တေးသီချင်းဖြင့် တွဲဖက်၍ စုပေါင်းကပြဖျော်ဖြေကြရာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်လာကြ သော ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ကရင်တိုင်းရင်းသားလက်နက် ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား ပြည်သူများက အောင်သပြေခက်ဖြင့် အတာရေ အေးပက်ဖြန်းကြကာ ပျော်ရွှင်စွာစုပေါင်းရေကစားခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ပြည်နယ် အစိုးရ အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း(ဘားအံ-ထုံးအိုင်ကားလမ်းမကြီး)၌ မုခ်ဦးအလှ၊ ပုသိမ်ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်းအလှများဖြင့် တန်ဆာဆင်ထားသော လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခေမာလမ်း ထိပ်မှအင်ကုန်းလမ်းထိပ်ထိ စုစုပေါင်းပေ ၁၀၀၀ ကျော်ရှိသော လမ်းလျှောက် သင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
အလားတူ ဘားအံမြို ကမ်းနားလမ်းတစ်လျှောက်နှင့် လူစည်ကားရာနေရာများတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ရပ်ကွက်အလိုက်ရေကစားမဏ္ဍပ်များကို ဆောက်လုပ်ထားရှိရာ ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအတာသင်္ကြန်မဏ္ဍပ်၊ စီးပွားရေးရာ ဝန်ကြီး ဌာနရေကစားမဏ္ဍပ်၊ သယံဇာတ ရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမဏ္ဍပ်၊ လူမှုရေးရာဝန်ကြီးဌာနမိသားစုဖျော်ဖြေရေး မဏ္ဍပ်များကို သက်ဆိုင်ရာကရင် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖွင့်လှစ်ပေးခဲ့ကြပြီး အေးချမ်းပျော်ရွှင်စွာ ရေကစား ခဲ့ကြသည်။
ထို့အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မိသားစုစတုဒိသာ မဏ္ဍပ်သို့ရောက်ရှိပြီး ယိမ်းအကအဖွဲ့များ ၏ သီဆိုဖျော်ဖြေမှုများအား ကြည့်ရှု့အားပေးခဲ့ကြပြီး ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
13.4.2023
Негізгі бет မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ဘားအံ (13.4.2023)
Пікірлер