NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ စျာပန မနက်ဖြန် မန္တလေးမှာ ပြုလုပ်မယ်
People's Spring
စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာကိုခံရတဲ့ သွေးကင်ဆာဝေဒနာရှင် အသက် ၇၃ နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေး ဆေးရုံကြီးမှာ ကုသမှုခံယူရင်း ဒီနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီး စျာပန ကို မနက် ဖြန် အောက်တိုဘာလ ၈ ရက်မှာပြုလုပ်မယ်လို့သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးကတဆင့် နေအိမ်ဆီ စိတ္တသုခနာရေးကူညီမှုအသင်းကားနဲ့ တင်ဆောင်သွားခဲ့ပါတယ်။
နာရေးကိုတော့ မန္တလေးမြို့၊တောင်အင်းမြောက်အင်း သုသာန်မှာ မီသဂြိုဟ်မှာ ဖြစ်ပြီး နေအိမ်ကနေ နာရေးကားတွေ မနက်ဖြန် မနက် ၁၀ နာရီမှာစတင်ထွက်ခွာမယ်လို့ နာရေးဖိတ်စာမှာ ပါရှိပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားလာတာကြောင့် ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်ကစတင်ပြီး ထောင်ဆေးရုံကနေ မန္တလေးဆေးရုံဆီ ပို့ဆောင်ကုသရာမှာ အောက်တိုဘာလ ၆ ရက် ညနေပိုင်းက စတင်ကာ သတိမေ့မြောသွားခဲ့တာပါ။
အဲဒီနောက် သတိပြန်မလည်လာတော့ဘဲ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက် ၃ နာရီအချိန်မှာ ဆုံးပါးသွားတာပါ။
ဒေါက်တာဇော်မြင့်မောင်ရဲ့နောက်ဆုံး အခြေအနေ ရောက်မှ မသေဆုံးဆီ နာရီပိုင်းအလိုမနေ့ အောက်တိုဘာ ၅ ရက်နေ့ခင်းပိုင်း မှာ စစ်ကောင်စီဟာ က လွတ်ငြိမ်းပေးခဲ့ပါတယ်။
လွတ်ငြိမ်းခွင့်ပေးတဲ့စာကို ဆေးရုံဆီလာပြီး ထောင်အာဏာပိုင်တွေက ဖတ်ပြခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီနဲ့ နီးစပ်သူထံကသိရပါတယ်။
ရုပ်အလောင်းနေအိမ်ကိုပြန်ရောက်ချိန်မှာ တော့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် က နေအိမ်ကို လာရောက်ခဲ့သလို အိမ်အနီးတဝိုက်မှာလည်း အရပ်ဝတ်နဲ့ လုံခြုံရေးချထားတာတွေ့ရတယ်လို့ မန္တလေးမြို့ခံလူငယ်တစ်ဦးက အခြေအနေကို ပြောပြပါတယ်။
ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရတာဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှာက်မှု လုံလုံလောက်လောက်မရတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထုတ်ပြန်ပါတယ်။
NLD ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ် ၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းတဲ့ရက်မှာ ပဲစစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အမှုပေါင်းများစွာနဲ့စွပ်စွဲပြီး ထောင်ဒဏ် ၂၉ နှစ်ချထားတာပါ။
အကျဉ်းချထားအချိန်အတွင်း ကင်ဆာဝေဒနာသည်ကို လုံလောက်တဲ့ ဆေးဝါးကုသခွင့်မပေးခဲ့သလို မိသားစုနဲ့လည်း ထောင်ဝင်စာတွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက သွေးကင်ဆာဝေဒနာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသခံခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချချိန်မှာတော့ ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ကိုဗစ်လည်းကူးစက်ခံရကာ ထောင်ပြင်ပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါသေးတယ်။
သူဟာ ဒေါ်အောင်ဆန်းစုကြည် အားထားရတဲ့ NLD ပါတီ ခေါင်းဆောင်ပိုင်းတစ်ဦးလည်းဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင် ဆုံးပါးသွားတာဟာ ဒီမိုကရေစီအရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစတယ်လို့ NLD ပါတီဝင်၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
မန္တလေးမလူထုကလည်း ဒေါက်တာဇော်မြင့်မောင်လက်ထက်က မန္တလေးဖွံ့ဖြိုးတိုးတက်ခဲ့တာကို အသိအမှတ်ပြု ရေးသားကြပြီး ဝမ်းနည်းနှမြောတသဖြစ်ရကြောင်း လူမှုကွန်ရက်မှာရေးသားနေကြပါတယ်။
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ "နောက်ဆုံးအချိန်အထိ ယုံကြည်ရာ ရဲဝံ့စွာရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ခေါင်းဆောင်တစ်ယောက်ကိုတော့ဆုံးရှုံးရတယ်လို့လက်မခံချင်သေးဘူး ဆရာ '' လို့ ပြောထားပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ စျာပန မနက်ဖြန် မန္တလေးမှာ ပြုလုပ်မယ် | People's Spring
Пікірлер: 84