John 6
22 အိုင်တဘက်၌နေသော လူအစုအဝေးတို့သည်ကား၊
23 အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည်မုန့်ကိုစားကြရာ အရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့် တော်တို့သာ သွားသည်ကို၎င်း မြင်ကြ၍၊
24 ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ၏။
25 အိုင်တဘက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။
26 ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။
27 မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
28 ထိုသူတို့ကလည်း။ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။
29 ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။
30 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။
31 ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။
32 ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။
33 ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊
Негізгі бет October 17 Bible Study John
Пікірлер