People's Spring | ထိုင်ဝမ်အတွက် ပိုအလေးထားဖို့ လိုလာတဲ့ တရုတ်ရဲ့ စစ်ပြုသိမ်းပိုက်မှု အန္တရာယ်
People's Spring
ထိုင်ဝမ်မှာ သမ္မတသစ် ဝီလျံလိုင် ကျမ်းသစ္စာ ကျိန်ဆိုမှုကို တရုတ်က ထိုင်ဝမ်ကျွန်း ပတ်ပတ်လည် ဝန်းရံပိတ်ဆို့ထားတဲ့ စစ်ရေးလေ့ကျင့်မှုမျိုးနဲ့ တုံ့ပြန် ကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စစ်ရေး လေ့ကျင့်မှုမှာ တရုတ် ရေတပ်နဲ့ လေတပ်တွေဟာ ထိုင်ဝမ်ရဲ့ စစ်ရေးပစ်မှတ်တွေကို လက်တွေ့ ပစ်ခတ် ဖြိုခွင်းတဲ့ ပုံစံမျိုး ဒုံးကျည် အစစ်တွေကိုပါ သုံးပြီး သရုပ်တူ လေ့ကျင့်ခဲ့ကြပါတယ်။ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားပြီးတဲ့ အချိန်မှာလည်း တရုတ်က အလားတူ သတိပေး အရေးယူမှုတွေ ထပ်ပြီး ကြုံလာနိုင်သေးတယ်လို့ ခြိမ်းခြောက်သွားခဲ့ပါသေးတယ်။
ဒီအခြေအနေတွေကို အကြောင်းပြုပြီး တရုတ်နဲ့ထိုင်ဝမ် စစ်ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းဟာ တကျော့ပြန် ခေါင်းထောင်လာပါတယ်။ တရုတ်ဟာ ရေလက်ကြား တစ်ခုသာခြားပြီး တည်ရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေလို့ သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ အစဉ်တစိုက် ခြိမ်းခြောက်နေပါတယ်။ ကိုယ်ပိုင် ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံ အံတုရင်း ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်မှုကိုပဲ လိုလားကြောင်း အခိုင်အမာ ပြသခဲ့တယ်။ တစ်ဖက်မှာလည်း တရုတ်က ထိုင်ဝမ်ကို ပိုင်နက်ထဲ သိမ်းသွင်းဖို့ စစ်ခင်းတိုက်ခိုက်လာနိုင်သလားဆိုတဲ့ မေးခွန်းဟာ ဘယ်တော့မှ ပေါ့ပေါ့ဆဆ တွေးလို့မရတဲ့ အခြေအနေမျိုးနဲ့ တည်တံ့နေခဲ့ပါတယ်။
သာမန်အားဖြင့်တော့ ထိုင်ဝမ်နဲ့ တရုတ်ဟာ ခွဲခြားလို့ မရဘူးဆိုတဲ့ One China မူဝါဒကို တရုတ်ရဲ့ လိုလားချက်အတိုင်း ကုလသမဂ္ဂနဲ့ နိုင်ငံအများစုက လက်ခံပေးထားပြီး ဖြစ်တဲ့တိုင်အောင် တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို စစ်ပြုဖို့ ဆိုတာမှာ ပြန်သုံးသပ်ရမယ့် ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်မှုမှာ နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်အားကောင်းတဲ့ တုံ့ပြန် အရေးယူနိုင်စွမ်းမျိုး မရှိခဲ့တဲ့ နောက်မှာတော့ ထိုင်ဝမ်အတွက် အန္တရာယ် အနံ့တွေက ပိုပြီး ထောင်းထောင်းထလာပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ ဩဇာကို ချဲ့ထွင်တည်ဆောက်ရာမှာ အမျိုးသားရေး ဝါဒီတွေကို စည်းရုံးဖို့ ထိုင်ဝမ် ကျူးကျော်စစ်ကို နောက်ဆုံးဝှက်ဖဲအဖြစ် ချန်ထားနိုင်ပါတယ်။ ဒီအတွက်လည်း သူဟာ ရုရှား-ယူကရိန်း စစ်ပွဲရဲ့ ဆင့်ကဲဖြစ်စဉ်တွေ၊ သက်ရောက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာ သေချာပါတယ်။
ထိုင်ဝမ်အတွက် အဓိက စစ်လက်နက် ထောက်ပံ့ တပ်ဆင်ပေးနေပြီး အရေးအပါဆုံး မဟာမိတ်အဖြစ်လည်း ရပ်တည်နေတဲ့ အမေရိကန်ရဲ့ စစ်ရေး သုတေသီတချို့ သုံးသပ်ထားတာ ရှိပါတယ်။ တကယ်လို့ ရှီကသာ ထိုင်ဝမ်ကို စစ်ကြေညာမယ်ဆိုရင် ၂၀၂၇ ဟာ ဖြစ်နိုင်ခြေ အရှိဆုံးဆိုတဲ့ သီအိုရီပါ။ တရုတ်ဟာ စစ်အင်အားနဲ့ စစ်ရေးနည်းပညာ အားလုံးကို လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အဆင့်ထိ တရစပ် မြှင့်တင် တည်ဆောက်နေပါတယ်။ တရုတ်မှာ စစ်ရေးအရ အာရုံစိုက် ဖြန့်ကျက်ထားရမယ့် တခြားမျက်နှာစာတွေလည်း ရှိပါတယ်။ ဥပမာ အိန္ဒိယနဲ့ နယ်စပ်၊ တောင်တရုတ်ပင်လယ်တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကိစ္စဟာ တရုတ်ရဲ့ စစ်ရေး ပစ်မှတ်တွေမှာ ဦးစားပေး အဆင့်ကနေ ဘယ်တုန်းကမှ လျော့ကျ မသွားခဲ့ဖူးပါဘူး။
နောက်ပြီး ထိုင်ဝမ်မှာ ဖွဲ့စည်းပုံ ဥပဒေအရ ရာထူးသက်တမ်း ကန့်သတ်ချက် ပြည့်သွားတဲ့ ဆိုင်အင်ဝမ်ရဲ့ နေရာမှာ ဒုတိယ သမ္မတ လိုင်က ဆက်ခံတဲ့ အခြေအနေကလည်း တရုတ်နဲ့ တင်းမာမှုကို ပိုပြီး မီးစာဖြည့်ပေးနေပြန်ပါတယ်။ တရုတ် အစိုးရဟာ ဆိုင်ဦးဆောင်တဲ့ အစိုးရဟာ ထိုင်ဝမ် လွတ်လပ်ရေးကို လိုလားတဲ့ နိုင်ငံရေး အင်အားစုလို့ သတ်မှတ်ပြီး ခါးခါးသီးသီး ဆက်ဆံခဲ့ပါတယ်။ ရှိရင်းစွဲ တရုတ်-ထိုင်ဝမ် ပူးပေါင်းလုပ်ဆောင်မှု သဘောတူညီချက်တွေကိုပါ တရုတ်က အဆက်ဖြတ်ပစ်ခဲ့တာပါ။ ဒါပေမဲ့ လိုင်အပေါ်မှာ တရုတ်ရဲ့ သဘောထားကတော့ အဲဒီထက် အဆပေါင်းများစွာ ပိုအေးစက်တယ်လို့ ဆိုရပါလိမ့်မယ်။
တရုတ်အစိုးရအာဘော် သတင်းဌာနတွေက လိုင်ဟာ တဇွတ်ထိုး ခွဲထွက်ရေးဝါဒီ တစ်ယောက်အဖြစ် အကြိမ်ကြိမ် ပုံဖော် စွပ်စွဲခဲ့ကြပါတယ်။ လိုင်ကိုယ်တိုင်ကလည်း ဒုတိယ သမ္မတ ဘဝမှာ တရုတ်ရဲ့ ဒေါသယမ်းအိုးကို မီးရှို့တဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့၊ ပြောဆိုခဲ့တာ အမှန်ပါပဲ။ အထူးသဖြင့် ရွေးကောက်ပွဲကာလ မဲဆွယ်မှုတွေမှာ လိုင်ဟာ တရုတ်ရဲ့ လွှမ်းမိုးမှုကို လုံးဝဥဿုံ ဆန့်ကျင် တွန်းလှန်လိုတဲ့ သဘောထား အမြင်တွေကို ဖြန့်ဝေခဲ့တယ်။ တရုတ်ကလည်း လိုင်သာ ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတ ဖြစ်လာရင် တရုတ်-ထိုင်ဝမ် ဆက်ဆံရေးကို အဖယ်ဆယ်ဖို့ မျှော်လင့်ချက် ကုန်သွားလိမ့်မယ်လို့ ကြိုတင် ကြိမ်းမောင်းထားပါတယ်။ ဒီတော့ သူကျမ်းသစ္စာ ကျိန်ဆိုပြီး ချက်ချင်းဆိုသလို ထိုင်ဝမ်ကျွန်းကို ထွက်ပေါက်မရှိအောင် ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်ပြလိုက်တယ် ဆိုတာဟာ ကြိုမှန်းဆထားလို့ရတဲ့ အခြေအနေမျိုးပါပဲ။
တရုတ်က အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ခွဲထွက်ရေး ဝါဒီတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှု တစ်ခုလို့ ရည်ညွှန်းခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ စစ်ရေး ရည်မှန်းချက်တွေအရ အောင်မြင်တယ်လို့ ယုံကြည်ကြောင်း၊ အရေးကြီးတာက အလားတူ စစ်ရေးအရ ဒဏ်ခတ်မှုတွေကို ထိုင်ဝမ်က ပိုမိုမျှော်လင့်ထားသင့်တယ် ဆိုတာဖြစ်ကြောင်းလည်း တရုတ်က သတိပေးလာခဲ့တာပါ။ တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက ထိုင်ဝမ် အရေးမှာ ပိုပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် ပြည်ပ လှုံ့ဆော်မှုတွေ ရှိနေတာကို အမြဲတမ်း သဘောပေါက်ထားကြောင်း၊ ဒါပေမဲ့ ဘယ်အခြေအနေကိုမဆို သက်တောင့်သက်သာ တုံ့ပြန် ကိုင်တွယ်နိုင်တဲ့ အစွမ်းအစမျိုး တရုတ်က ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring | ထိုင်ဝမ်အတွက် ပိုအလေးထားဖို့ လိုလာတဲ့ တရုတ်ရဲ့ စစ်ပြုသိမ်းပိုက်မှု အန္တရာယ်
Пікірлер: 31