သံဃာတော်တွေရဲ့ စစ်ကောင်စီအပေါ် ကံဆောင်သပိတ်လမ်းပေါ်စထွက်လာ
-ဇေအောင်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး ယနေ့(ဇွန်လ ၂၇ရက်)မှာ လမ်းပေါ်စတင် ထွက်လာခဲ့ပါတယ်။
သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်ကာ စစ်ကောင်စီတပ်နဲ့ စစ်ခေါင်းဆောင်တွေကို ကံဆောင်သပိတ်အဖြစ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအရေးအခင်းအပြီး ပထမဆုံးအကြိမ် လမ်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီက မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ သံဃာတော်အပါး ၁၀၀ ကျော်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ပြည်သူတွေကလည်း လိုက်ပါဝန်းရံခဲ့ပြီး PDF ရဲဘော်များကပါ လုံခြုံရေးယူပေးခဲ့ကြတယ်လို့ မြိုင်ပကဖတာဝန်ရှိသူက ပြောပါတယ်။
သပိတ်ရှေ့ဆုံးမှာ သံဃာတော်နှစ်ပါးက ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဓာတ်ပုံကိုင်ဆောင်ထားပြီး ဆရာတော်သံဃာတော်များက သာသနာ့အလံများအား လွှင့်ထူလာခဲ့ပါတယ်။"ဓမ္မန္တရာယ်စကစ ရဟန်းရှင်လူတို့ တိုက်ဖျက်ကြ"စာသားကိုလည်း ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။
လက်ရှိမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်မှု မြို့နယ် ၆ မြို့နယ်အထိရှိလာပြီး မြိုင်မြို့နယ်ဟာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုပထမဆုံးဖြစ်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့လို့ သံဃာတော်များက ဆန့်ကျင်တဲ့အနေနဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့တာပါ။
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဇွန်လ ၂၃ ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်နဲ့ စစ်ကိုင်းမြို့နယ်များပါ ပြုလုပ်လာခဲ့တယ်လို့ သပိတ်ဦးဆောင်ဆရာတော်များက မိန့်ကြားပါတယ်။
ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ မုနိန္ဒာဘိဝံသအား စစ်ကောင်စီတပ်မှ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပေါ်မှာ စစ်သားနဲ့ ပျူစောထီးများက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တာကြောင့် စတင် သပိတ်မှောက်ရန် စီစဥ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များကလည်း စစ်ကောင်စီဟယ ဗုဒ္ဓသာသနာနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အလုံးစုံဖြိုချခြင်း(Year Zero) လုပ်ဆောင်လာတာကြောင့် သံဃာတော်များ အလျှော့မပေးစတမ်း ခုခံကြရန်၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် သဘောထားထုတ်ပြန်ထားပါတယ်။
၂၀၀၇ ခုနှစ်တုန်းက စစ်အစိုးရဟာ လောင်စာဆီထောက်ပံ့ပေးမှုရပ်ဆိုင်းပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်လာရာကနေ သံဃာတော်များဦးဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြကာ စစ်အစိုးရအား ကံဆောင်သပိတ်မှောက်ခဲ့ကြဖူးပါတယ်။ ၂၀၀၇ ဩဂုတ် ၁၅ရက်စတင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များက စက်တင်ဘာ ၂၆ရက်အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရုပ်သံ- မြိုင် ပကဖ
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring | သံဃာတော်တွေရဲ့ စစ်ကောင်စီအပေါ် ကံဆောင်သပိတ်လမ်းပေါ်စထွက်လာ
Пікірлер: 66