ယူကရိန်းစစ်ပွဲ ရပ်စဲရေး မျှော်လင့်ချက်ကို မိုဒီ ဖြည့်ဆည်းပေးနိုင်မလား
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အိမ်နီးချင်း ယူကရိန်း နိုင်ငံဆီ စတင် ကျူးကျော်ခဲ့တုန်းက ရုရှား တပ်ဖွဲ့ဝင်တွေ ယုံကြည်မှုရှိရှိ ကြုံးဝါးခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဆီကို ၃ ရက်အတွင်း ရောက်အောင် ချီတက်မယ် ဆိုတာပါပဲ။ အခုအချိန်မှာတော့ ရုရှားဟာ ယူကရိန်းနယ်စပ် ဒေသတချို့ကို သိမ်းယူထားနိုင်ပြီ ဖြစ်ပေမယ့် ကိယက်ဗ်ကိုတော့ မျက်စောင်းတောင် မထိုးနိုင်သေးတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ ပိုပြီး ဆိုးရွားတဲ့ အလှည့်အပြောင်းအဖြစ် နိုင်ငံ ပိုင်နက်ထဲကို ယူကရိန်းတပ်တွေ ထိုးဖောက် ချီတက်လာတာကြောင့် တစ်ချိန်က ကိယက်ဗ်ကို ၃ ရက်နဲ့ သိမ်းမယ်လို့ ကြွေးကြော်ထားတဲ့ ရုရှားစစ်သားတွေဟာ ကိုယ့်နိုင်ငံရဲ့ ကာ့စ်ခ်ဒေသထဲမှာ ခံစစ်အတွက် ကတုတ်ကျင်းတွေ အလောတကြီး တူးနေရခြင်းပါပဲ။
နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှား အနောက်ဖက်စွန်းက ကာ့စ်ခ်ဒေသထဲ ယူကရိန်း တပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင် ဝင်ရောက်ခဲ့တာ အခုဆိုရင် လဝက်လောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ အစောပိုင်း ကာလတွေမှာ အငိုက်မိသွားတဲ့ ရုရှားဟာ အတော်ကြီး ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး ယူကရိန်းရဲ့ ဆက်တိုက် ထိုးဖောက်လာမှုတွေကို တားဆီးဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုတော့ ရုရှားဖက်က ခံစစ်ပိုင်းကို တိုးမြှင့်လာခဲ့ပြီ ဖြစ်ပေမယ့် တစ်နေ့ကို ကီလိုမီတာ နည်းနည်းလောက်ဆီ ရှေ့တိုးပြီး ဆက်လက် ချီတက်နေနိုင်ဆဲလို့ ယူကရိန်း ထုတ်ပြန်ထားပါတယ်။ ယူကရိန်း အစိုးရကတော့ ရုရှားနယ်မြေတွေကို မောင်ပိုင်စီးဖို့ ရည်ရွယ်ချက် မရှိဘဲ နောင်တစ်ချိန် ရုရှားနဲ့ မျက်နှာချင်းဆိုင် စကားပြောဖြစ်တဲ့ အခါမှာ ဟန်ချက်ညီစေဖို့သာ အခု စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ ပြောကြားထားပါတယ်။
တကယ်တော့ ယူကရိန်း စစ်ဆင်ရေးဟာ အတော်ကြီး စွန့်စား ရွေးချယ်ခဲ့တဲ့ လောင်းကြေးထပ်မှုလို့လည်း ဆိုနိုင်ပါတယ်။ လောလောဆယ် ရုရှားက ခံစစ်အတွက် လုံးပန်းနေပေမယ့် ယူကရိန်း ထိုးစစ်ကို တားဆီးနိုင်တဲ့ အနေအထားထိ ရောက်သွားပြီ ဆိုတာနဲ့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လာနိုင်ခြေ ရှိပါတယ်။ တစ်ဖက်မှာလည်း အခုထိုးစစ် အခင်းအကျင်းဟာ စစ်ပွဲကြီး တစ်ခုလုံးရဲ့ လားရာကို အချိုးအကွေ့တွေ ဖြစ်သွားစေနိုင်တဲ့ အလားအလာမျိုးလည်း ရှိနေပြန်တယ်။ အဲဒီလို ခန့်မှန်းရခက်တဲ့ ကာလမျိုးမှာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ စစ်ပွဲ ရပ်ဆိုင်းရေး အားထုတ်မှု တစ်ခုအဖြစ် ကိယက်ဗ်မြို့တော်ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၂၃ ရက်နေ့မှာ မိုဒီဟာ ပိုလန်နိုင်ငံကို အလည်အပတ် သွားရောက်ရာကနေ ယူကရိန်းဆီ ကူးလာပြီး ကိယက်ဗ်မှာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ မိုဒီရဲ့ အိန္ဒိယ အစိုးရဟာ ယူကရိန်း စစ်ပွဲကာလတလျှောက် ကြားနေဝါဒကို ကျင့်သုံးပါတယ်လို့ ကြေညာရင်း လက်တွေ့မှာတော့ အစဉ်အလာ မဟာမိတ် ဖြစ်ခဲ့တဲ့ ရုရှားဖက်ကိုပဲ ယိမ်းခဲ့ပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အတိအလင်း ရှုတ်ချဖို့ မိုဒီက ပျက်ကွက်ခဲ့တယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ သူဟာ မော်စကိုမှာ ပူတင်နဲ့ သွားရောက် တွေ့ဆုံရင်း ဖက်လှဲတကင်း နှုတ်ဆက်ပြခဲ့ပါတယ်။ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကို မျက်ကွယ်ပြုပြီး ရုရှားနဲ့ ကုန်သွယ်ရေး ကဏ္ဍကိုလည်း ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။ ရုရှားဆီက ရေနံကို လျှော့စျေးနဲ့ ဝယ်ယူတာမျိုးတွေက အိန္ဒိယအတွက်ပါ အကျိုးရှိစေခဲ့ပါတယ်။
အခုတော့ အဲဒီလို သဘောထားရှိတဲ့ မိုဒီဟာ ခေတ်သစ် ယူကရိန်းနိုင်ငံ သမိုင်းမှာ ပထမဆုံး အိန္ဒိယ ခေါင်းဆောင်အဖြစ် ကိယက်ဗ်ကို ခြေချလာခဲ့ပြီ ဖြစ်ပါတယ်။ လျင်လျင်မြန်မြန် ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေတွေကြောင့် သူ့ရဲ့ လက်ရှိ ယူကရိန်း ခရီးစဉ်ဟာ ပိုပြီး အာရုံစိုက်စရာ ဖြစ်လာပါတယ်။ ပြီးတော့ အရင်ကလည်း နိုင်ငံကြီးတချို့ ကြားဝင် ညှိနှိုင်းပေးပြီး အထမမြောက်ခဲ့တဲ့ စစ်ရပ်စဲရေး အားထုတ်မှုမျိုးကို မိုဒီက သယ်ဆောင်ယူလာတာ ဖြစ်တဲ့အတွက် အိန္ဒိယရဲ့ သံတမန်ရေး စွမ်းဆောင်ရည်ကရော ဘယ်လောက် ထိရောက်တဲ့ ရလဒ်တွေကို ဖန်တီး နိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါလိမ့်မယ်။
သူက ဇီလန်စကီးနဲ့ အတွေ့မှာတော့ ပဋိပက္ခတွေကို မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ၊ သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းမှသာ အောင်မြင်မှု ရနိုင်လိမ့်မယ်လို့ နားချခဲ့ပါတယ်။ အဲဒီ လက်တွေ့ကျတဲ့ လမ်းကြောင်းဆီ ဦးတည်နိုင်ဖို့ လုံးဝ အချိန်မဖြုန်းသင့်တော့ကြောင်း၊ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးဟာ ပဋိပက္ခကို ကျောခိုင်း ချန်ထားခဲ့ချင်တဲ့ စိတ်ရင်းအမှန်နဲ့ ဆွေးနွေးဖို့ အရမ်းအရေးကြီးကြောင်း မိုဒီက ဆိုတယ်။
သူက အိန္ဒိယဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ဘယ်လို အားထုတ်မှုကိုမဆို အကူအညီပေးဖို့ အသင့်ရှိနေကြောင်း၊ တကယ်လို့ သူက ပုဂ္ဂိုလ်ရေးအရ အဲဒီတာဝန်ကို ဝင်ယူရမယ် ဆိုရင်လည်း မဆိုင်းမတွ လက်ခံမယ် ဆိုတာကို မိတ်ဆွေရင်းချာ တစ်ဦးအနေနဲ့ ကတိပြုကြောင်း မိုဒီက ဇီလန်စကီးကို ထပ်ပြောခဲ့ပါသေးတယ်။
ဇီလန်စကီးကတော့ အိန္ဒိယဟာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို လေးစား အသိအမှတ် ပြုထားတဲ့ အရှိတရားက အရမ်းအရေးကြီးကြောင်း ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လတုန်းက ဆေးရုံတစ်ခု တိုက်ခိုက်ခံရပြီး ကလေးတွေ သေဆုံးခဲ့ရာ နေရာကို ပထမဆုံး သွားရောက်ပြီး ဝမ်းနည်းကြေကွဲမှု ပြသခဲ့တဲ့ မိုဒီရဲ့ အပြုအမူအတွက် လေးစား ကျေးဇူးတင်ကြောင်းလည်း သူက ဆိုတယ်။ နှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေက မိုဒီရဲ့ ကိယက်ဗ် ခရီးစဉ်ကို သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ်လည်း ကြေညာခဲ့ကြပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет | People's Spring
Пікірлер: 48