ဖားကန့်၊ဆိုင်တောင်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးနေ(ရုပ်/သံ)
စက်တင်ဘာ၊ ၁၃၊ ၂၀၂၄။
လူထုခေတ်
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိုင်တောင်ကျေးရွာရှိ ရဲစခန်းကို KIA၊PDF က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များကို မီးရှို့ဖျက်စီးနေရာ နေအိမ် ၁၀၀ ကျော်ပြာကျသွားပြီး စစ်သားနှင့်ပြည်သူများ၏ အလောင်းများကိုလည်း တွေ့ရှိရကြောင်းသိရသည်။
စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ဆိုင်းတောင်ရဲစခန်းကို KIA၊PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရာ စစ်ကောင်စီဘက်မှ အများအပြားသေဆုံးပြီး အရှင်ဖမ်းရရှိသူ အများအပြားရှိပြီး အပြည့်အဝထိန်းချုပ်နိုင်ရေး နယ်မြေရှင်းလင်းရေးပြုလုပ်ရာ ဆိုင်းတောင် ၄ ရပ်ကွက်တွင် ယမန်နေ့(စက်တင်ဘာ၊၁၂)က တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ဆိုင်တောင်ရဲစခန်းထဲမှာ ပက်ကားစစ်သားတွေလည်းနေတယ်။တိုက်ခိုက်တဲ့နေရာမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်တယ်လို့ ကြားတယ်။အဲ့ဒီ ရဲစခန်းထဲက ရဲ၊စစ်သားတွေ တချို့က ထွက်ပြေးသွားတာကို လိုက်ပစ်ရင်းနဲ့ ဆိုင်းတောင် ၄ ရပ်ကွက်မှာ တိုက်ပွဲဆက်ဖြစ်တယ်။ဒါ့ကြောင့် ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။အဲ့ဒါကြောင့် ဆိုင်းတောင် ပြည်သူလူထုအိမ်တွေ မီးလောင်သွားတာရှိတယ်။နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြန်လာတယ်။ဂျက်ဖိုက်တာနဲ့လာပစ်လို့ ပြည်သူလူထုတွေလည်း ထိခိုက်တယ်။အိမ်တွေလည်း ပျက်စီးတယ်”ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဆိုင်းတောင်ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းသိရသည်။
စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းသည် ဆိုင်းတောင်ကျေးရွာမှ ဒေသခံပြည်သူ ၃ ဦးပစ်သတ်ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ဆိုင်းတောင်ရွာကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဆိုင်းတောင် မီးသတ်ရုံး၊၊Lucky Man ဟိုတယ်နှင့်ဟိုတယ်ရှေ့စျေးထဲတွင် တပ်စွဲခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၄ ရက်နေ့မှ စတင်ကာ ဖားကန့်မြို့နယ်၊ဂျန်ဂပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဆိုင်းတောင်ဘက်သို့ တိုက်ပွဲများ ကူးစက်လာကြောင်းသိရသည်။
#ဖားကန့် #ကချင် #စစ်ကောင်စီ #KIA #PDF #တိုက်ပွဲ #မီးရှို့ #လေကြောင်း
Негізгі бет ဖားကန့်၊ဆိုင်တောင်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးနေ(ရုပ်/သံ)
Пікірлер