မိုးကုတ် အနောက်ပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားပြီလို့ TNLA ပြော၊
မှူးအိန်ဂျယ်လ်၊ ဒေါ်လာ/ MFP ၊ ဇူလိုင် - ၅
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မိုးကုတ် အနောက်ပိုင်း ကျပ်ပြင်ကိုတော့ အပြည့်အဝ သိမ်းပိုက် ထိန်းချုပ်ထားပြီလို့ တအာင်းတပ်မတော် - TNLA က ပြောပါတယ်။
ဒီနေ့ ဇူလိုင်(၅)ရက်မှာ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်မြို့က ဒေသခံပြည်သူတွေ ပုံမှန်အတိုင်း သွားလာလှုပ်ရှား၊ ရောင်းဝယ် ဖောက်ကား နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
“လက်ရှိမှာဆိုရင် ကျွန်မတို့ မိုးကုတ်မြို့ရဲ့ အနောက်ပိုင်းကိုတော့ အားလုံး ထိန်းချုပ်ထားနိုင်ခဲ့တယ်။ လက်ရှိမှာ ဒီ အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အရှေ့ပိုင်းမှာ တပ်စခန်းတွေကတော့ သုံး၊ လေးခုတော့ ကျန်ပါဦးမယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက MFP ကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် ဇွန်(၂၅)ရက်က စလို့ မိုးကုတ်မြို့က စစ်အုပ်စု စခန်းတွေကို တအာင်း တပ်မတော် TNLA၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် - PDF တပ်ရင်း၊တပ်ဖွဲ့တွေ ဖြစ်တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) - MDY-PDF၊ မိုးကုတ်ဗျုဟာ၊ PDF (513)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ (မိုးကုတ်) တို့ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ဇွန်(၂၆)ရက်က မိုးကုတ်မြို့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့ ဖြူရောင်ကုန်း၊ ဇွန်(၂၇)ရက်မှာ ကျပ်ပြင် ရဲစခန်း၊ ဇွန်(၂၉)ရက်မှာ အောင်သာယာနဲ့ အာကာမိုး တပ်စခန်း၊ ဇွန်(၃၀)ရက်မှာ ရွှေမျက်ဝန်း တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
“မိုးကုတ်အနောက်ပိုင်းရဲ့ အမြင့်ဆုံးနေရာမှာ PDF အလံတော် တလူလူ လွင့်တင်နိုင်ခဲ့ပြီ” လို့ မိုးကုတ်ဗျူဟာ က ဇူလိုင်(၃)ရက်မှာ ဖော်ပြပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပေမယ့် စစ်အုပ်စုရဲ့ ဗျူဟာကုန်း၊ မိုးကုတ်မြို့မရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးတွေ ရှိတဲ့ မိုးကုတ်မြို့ (အရှေ့ပိုင်း)ကိုတော့ တော်လှန်ရေး တပ်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းမှာ တိုက်ပွဲကြီးတွေ မဖြစ်သေးဘဲ နှစ်ဖက် စစ်ဆိုင်နေပြီး ကြိုးကြား ပစ်ခတ်မှုတွေတော့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ (အရှေ့ပိုင်း) နဲ့ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ဟာ ခုနှစ်မိုင် ဝန်းကျင် ကွာဝေးပြီး တိုက်ပွဲစဖြစ်တဲ့ ဇွန်(၂၅)ရက် ကစလို အဲ့ဒီ မိုးကုတ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကူးသန်းသွားလာတဲ့ လမ်းကို စစ်အုပ်စုက ပိတ်ဆို့ ထားပါတယ်။
မိုးကုတ်ဒေသ တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ထုလို့ ကိုရင်တစ်ပါး အပါအဝင် ဒေသခံပြည်သူ ကိုးဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ (၂၀)နီးပါး ရှိသလို နေအိမ်၊ အဆောက်အဦး တွေလည်း ပျက်စီးခဲ့ပါတယ်။
မြို့ခံအများစုဟာ ထွက်ပြေးချိန်မရဘဲ ပိတ်မိနေပြီး မိုးကုတ်မြို့ကနေ မန္တလေးဘက် စစ်ဘေးရှောင် ထွက်ပြေးဖို့ ကြိုးစားတဲ့ ထောင်ချီတဲ့ ဒေသခံတွေဟာလည်း မန္တလေး - မိုးကုတ်လမ်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်ဆို့ကာ လမ်းမှာ ပိတ်မိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော တိုက်ပွဲ အပြင်းအထန် မဖြစ်သေးပေမယ့် မိုးကုတ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလာမယ်လို့ ယူဆရပြီး မြို့ခံတွေ အနေနဲ့ တချို့က မြို့ကနေ ထွက်နိုင်ဖို့ ကြိုးစားနေကာ အများစုကတော့ ဗုံးခိုကျင်းတွေ တူးပြီး ကြိုတင် ပြင်ဆင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
"ဘေးတော့ ကင်းပါရဲ့။ ဖုန်းလိုင်း မရတော့ဘူး။ ခုထိတော့ စားစရာရှိသေးတာ ချွေတာစားပေါ့" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အဖြစ် မိုးကုတ် အပါအဝင် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ သီပေါ မြိုနယ်က စစ်အုပ်စု စခန်းတွေ၊ မြို့တွေကို TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေ အပြည့်အဝ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်/Photo - TNLA
#Mandalay_Free_Press_MFP
Негізгі бет မိုးကုတ် မြို့လုံးကျွတ် သိမ်းနိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်၊
Пікірлер: 9