မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ လူငယ်တွေကို ယခုရက်ပိုင်း စစ်အုပ်စုက ပြန်လည် ဖမ်းဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အာဏာသိမ်းစ ပြီးခဲ့တဲ့ ၂၀၂၁ မှာ ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုက အမှုဆင် တရားစွဲ ထောင်ချလို့ ထောင်နှစ်နှစ် ကျခံရပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ယခု ၂၀၂၄အတွင်း ထောင်က ပြန်လည် လါတ်မြောက်လာတဲ့ လူငယ်တွေကို စစ်အုပ်စုက နေအိမ်တွေထဲအထိ စီးနင်းပြီး ပြန်လည် ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
“မန္တလေးမှာ (၅၀၅) (ရာဇဝတ်ကြီးဥပဒေ ပုဒ်မ-၅၀၅)နဲ့ ပြန်လွတ်လာတဲ့ သူတွေကို တော်တော် များများ ပြန်အဖမ်းခံနေရတယ်။ ဒီတပတ်အတွင်းကို ငါးယောက် ပြန်ဖမ်းသွားတာ သိရတယ်။ ပြန်ဖမ်းခံရတဲ့ သူတွေကလည်း ဘာမှလုပ်တော့တာ မဟုတ်ဘူး။ အဲ့ဒါကို ဘယ်လိုတွေကြောင့် ဖမ်းလဲဆိုတာ မသိဘူး။ ထောင်က လွတ်လာပြီး အိမ်မှာ ပြန်နေတဲ သူတွေကို ခွေးတွေက ပြန်ဆွဲနေတာ” လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ပြန်လည် ဖမ်းဆီးသူတွေရဲ့ မိသားစုတွေက စိုးရိမ်ကာ ညှိနှိုင်း အဆင်ပြေဖို့၊ ပြန်လည် လွတ်မြောက်ဖို့ မျှော်လင့် နေကြတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ပေါ်တာဆွဲတာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဇွန်(၂၈)ရက်အထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတဝန်း စစ်အုပ်စုူက ဖမ်းဆီးခဲ့သူ (၂၆၉၃၆) ဦး ရှိပြီး အဲ့ဒီအထဲက တချို့ပြန်လွတ်ကာ (၂၀၆၅၄) ဦးမှာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။ AAPP ဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို နေ့စဉ် မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ဖြစ်ပြီး အထက်ပါ အရေအတွက်ဟာ သူတို့ ကောက်ယူရရှိထားတဲ့ အချက်အလက်သာ ဖြစ်ပြီး မြေပြင်မှာ ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет ထောင်က ပြန်လွတ်လာတဲ့ လူငယ်တွေကို စစ်အုပ်စုက ပြန်လည် ဖမ်းဆီးနေ၊
Пікірлер